Border News Agency
သီရိလင်္ကာ၊ဇူလိုင် ၈။
သီရိလင်္ကာနိုင်ငံ၊ကိုလံဘိုမြောက်ပိုင်းက နီဂွန်ဘိုအကျဉ်းထောင်မှာ မူးယစ်ဂိုဏ်းနှစ်ခုကြား ခိုက်ရန်ဖြစ်ပွားရာကနေ အဓိကရုဏ်းကြီး ဖြစ်ပွားခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် အစောင့်ခုနှစ်ဦးအပါအဝင် လူစုစုပေါင်း နှစ်ဆယ့်ခြောက်ဦးသေဆုံးခဲ့ရပြီး လူတရာကျော်လည်း ဒဏ်ရာရခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ဇူလိုင်လ ၅ ရက် ညပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ ဒီအဓိကရုဏ်းမှာ ဒဏ်ရာရသူတွေကို နီဂွန်ဘိုဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရပြီး၊ အခြေအနေဆိုးတဲ့ လူနာဆယ်ရှစ်ဦးကိုတော့ ကိုလံဘိုအမျိုးသားဆေးရုံကို ထပ်ပြီး လွှဲပြောင်းပေးခဲ့ရပါတယ်။
အဲဒီနောက် ဇူလိုင်လ ၆ ရက် မနက်ပိုင်းမှာတော့ အကျဉ်းသားတွေက အစောင့်တွေဆီက သေနတ်တွေ လုယူတဲ့အထိ အခြေအနေတွေ ပိုဆိုးလာခဲ့ပါတယ်။
အမျိုးသမီးအကျဉ်းသားတချို့ကလည်း အမိုးပေါ်တက်ပြီး လွတ်ငြိမ်းခွင့် တောင်းဆိုရာကနေ အမိုးပြိုကျပြီး ထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။
တရားရေးဝန်ကြီး ဟာရှာနာ နာနာယက်ကာရာကတော့ ဒီဖြစ်စဉ်အတွက် အလွန်ပဲ ဝမ်းနည်းမိကြောင်း ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ ဒီကိစ္စကို စုံစမ်းဖို့ အစိုးရက အဖွဲ့ဝင်သုံးဦးပါတဲ့ ကော်မတီတစ်ခုကို ဖွဲ့စည်းပြီး စစ်ဆေးနေပြီလို့ သိရပါတယ်။








