Border News Agency
ချွန်ဘူရီ၊ ဇူလိုင် ၁၀ ။
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်က စက်ရုံတခုမှာ ကြိုတင်အကြောင်းကြားတာမရှိဘဲ မတရားအလုပ်ထုတ်ခံခဲ့ရတဲ့ မြန်မာလုပ်သားခြောက်ဆယ်လေးဦးအတွက် နစ်နာကြေးစုစုပေါင်း ဘတ်လေးသိန်းကျော်ကို ဇူလိုင်လ ၉ ရက်နေ့မှာ ပြန်ရခဲ့တယ်လို့ WAG ဆိုပါတယ်။
အဲဒီအလုပ်သမားတွေဟာ ထိုင်ခုံနဲ့ တွန်းလှည်းထုတ်တဲ့စက်ရုံမှာ လုပ်သက်ငါးလမှခုနှစ်လထိလုပ်ခဲ့ကြသူတွေဖြစ်ပြီး ဇူလိုင်လ ၂ ရက်နေ့ကမှ အလုပ်ရှင်ရုတ်တရက်အလုပ်ထုတ်ခဲ့တာပါ။
အဲဒီအလုပ်ထုတ်ချိန်က အလုပ်ရှင်ဘက်က ဥပဒေအရပေးရမယ့်အခွင့်အရေးတွေကို လုံးဝမပေးဘဲ၊ တဦးကိုဘတ်ငါးထောင်ပေးပြီး လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ဆိုကြပါတယ်။
”အလုပ်သမားတွေရဲ့အခွင့်အရေးအတွက် ကြားခံအေဂျင်စီနဲ့ အလုပ်ရှင်ကို မြို့နယ်အလုပ်သမားရုံးကနေဆင့် ညှိနှိုင်းပေးခဲ့တာပါ။ နောက်ဆုံးတော့တယောက်ကို ဘတ်ခြောက်ထောင့်ငါးရာစီရခဲ့ကြပြီး အဲဒီအပေါ်မှာအလုပ်သမားတွေဘက်ကလည်းကျေနပ်လို့ လက်ခံလိုက်ကြပါတယ်။” လို့ WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းကဆိုပါတယ်။
အလုပ်သမားတွေဟာ ဇူလိုင်လ ၃ ရက်နေ့မှာ WAG အဖွဲ့ဆီအကူအညီတောင်းခဲ့ပြီး WAG အဖွဲ့၊ FED ဖောင်ဒေးရှင်းနဲ့ အလုပ်သမားဖွံ့ဖြိုးတိုးတက်ရေးဌာနက အမြန်ဆုံးညှိနှိုင်းဖြေရှင်းပေးခဲ့တာပါ။







