Border News Agency
ရန်ကုန်၊ ဇူလိုင် ၁၆။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့အဖွဲ့နဲ့ အာဆီယံအထူးကိုယ်စားလှယ်ဟာ ဇူလိုင်လ ၁၃ ရက်နေ့က ဗီဒီယိုကွန်ဖရင့်ကတဆင့် မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီမှာ ပြည်ထောင်စုဝန်ကြီးက အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရင် အရင်ကရရှိထားတဲ့ တိုးတက်မှုတွေပေါ် အခြေခံပြီး ဆက်တည်ဆောက်သွားဖို့ အထူးအရေး ကြီးကြောင်း ပြောခဲ့ပါတယ်။
အဲဒီအပြင် NUG၊ SCEF နဲ့ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အင်အားစုအားလုံးကို တစုတစည်းတည်း စုပေါင်းတွေ့မှသာ မြန်မာ့နိုင်ငံရေးအခြေအနေမှန်ကို ပိုမိုတိကျစွာ နားလည်နိုင်မှာလို့ ဆွေးနွေးခဲ့ပါတယ်။
အဲဒီလို တော်လှန်ရေးအင်အားစုအားလုံး တွေ့ဆုံဆွေးနွေးနိုင်တာကသာ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဖြေရှင်းမှုဆီကို အမှန်တကယ် အထောက်အကူပြုနိုင်မှာဖြစ်ကြောင်းလည်း NUG က ထောက်ပြခဲ့ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နဲ့ အာဆီယံအထူးကိုယ်စားလှယ်တို့ သီးခြားတွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်လို့ တူညီတဲ့ သဘောထားရပ်တည်ချက်တွေကို အာဆီယံဘက်က သိလိမ့်မယ်လို့ ယူဆတယ်လို့လည်း ပြောခဲ့ပါတယ်။







