Border News Agency
ထိုင်း၊ ဇူလိုင် ၂၇။
ထိုင်းနိုင်ငံ၊ နွန်ထဘူရီပြည်နယ် အဆင့်မြင့်ဟိုတယ်တခုမှာ တရားမဝင်ကာစီနို၊ မူးယစ်ဆေးဝါးပါတီပွဲနဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ မြန်မာနဲ့တရုတ်နိုင်ငံသားတွေကို ထိုင်းရဲတပ်ဖွဲ့က ဇူလိုင်လ ၂၇ရက်နေ့မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးမှုအတွင်း လူလေးဆယ်ထက်မနည်းဖမ်းဆီးရမိခဲ့ပြီး သူတို့နဲ့အတူ ကတ်တာမင်း (Ketamine)၊ Happy Water၊ ဖဲချပ်တွေ၊ အံစာတုံးတွေအပါအဝင် လောင်းကစားကိရိယာတွေ၊ ငွေသားနဲ့ သက်သေခံပစ္စည်းပေါင်းနှစ်ရာကျော်ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုနဲ့ အသက်သုံးဆယ်သုံးနှစ်အရွယ် တရုတ်အမျိုးသားတဦး၊ ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်မှုနဲ့ မြန်မာနိုင်ငံသားသုံးဦးကိုလည်း ဖမ်းဆီးအရေးယူထားပါတယ်။
အဲဒီပါတီလုပ်နေတဲ့ ဟိုတယ်တခုလုံးကို တရုတ်ဂိုဏ်းက ငှားရမ်းထားတာဖြစ်ပြီး အဆောက်အအုံရဲ့ ခုနှစ်ထပ်နဲ့ရှစ်ထပ်တွေမှာ တရုတ်ဖောက်သည်တွေအတွက် သီးသန့်ဝန်ဆောင်မှုတွေ စီစဉ်ပေးထားတာဖြစ်ပါတယ်။
အာဏာပိုင်တွေမှစုံစမ်းစစ်ဆေးတဲ့အခါ တရုတ်အမျိုးသားကမူးယစ်ဆေးဝါးမှုတွေကိုငြင်းဆိုထားပြီး မူးယစ်ဆေးပို့ဆောင်ပေးရတဲ့ ဝန်ထမ်းတဦးသာဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။
နောက်ပြီး ဖမ်းဆီးထားတဲ့မြန်မာနိုင်ငံသားတွေကတော့ ထိုင်းနိုင်ငံအတွင်းကို အလုပ်လုပ်ဖို့တရားမဝင်ဝင်ရောက်လာခဲ့တာဖြစ်ကြောင်းဝန်ခံထားကြပြီး သူတို့အားလုံးကို ဥပဒေအရ အရေးယူနိုင်ဖို့ ရတနာသီဘက် ရဲစခန်းကို ပို့ဆောင်ထားပါတယ်။












