Border News Agency
မကွေး၊ ဇူလိုင် ၂၈။
မကွေးတိုင်း၊ ဆောမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းတိုက်ခိုက်ခံရလို့ စစ်သုံ့ပန်းကိုးဦးနဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ တပ်မ ၉၉ ဦးစီး အင်အားသုံးဆယ်ဝန်းကျင်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဇူလိုင်လ ၁၆ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အထိနာကာ ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဆုတ်ခွာသွားတဲ့ စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရာမှာ ရိက္ခာတင်ကားသုံးစီးနဲ့ စစ်အသုံးအဆောင်တွေသိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီအပြင် ဇူလိုင်လ ၂၅ ရက်နေ့ကလည်း အင်အားတရာ့ရှစ်ဆယ်ဝန်းကျင်နဲ့ လေကြောင်း၊ မြေပြင် ဒုတိယအကြိမ်ထပ်မံထိုးစစ်ဆင်လာပေမယ့် ခုခံတိုက်ခိုက်ခဲ့တာကြောင့် အထိနာဆုတ်ခွာသွားခဲ့ပြီးစစ်သုံ့ပန်းကိုးဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း စစ်တပ်ထံမှ သေနတ်မျိုးစုံ၊ခဲယမ်းတွေ၊မိုင်းကား၊ကား သုံး စီး၊ စတာလင့်တလုံးနဲ့ရိက္ခာအများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။














