Border News Agency
မီဇိုရမ်၊ သြဂုတ် ၄။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် နာသီယာလ်(Hnahthial)ခရိုင်မှာ သြဂုတ်လ ၃ ရက်နေ့ကမော်တော်ယာဉ်တစီးကို ရူပီလေးဆယ်ငါးသိန်းကျော်တန်ဖိုးရှိ AK-47 စစ်ဘက်သုံး သေနတ်တွေနဲ့ကျည်ဆန်တွေကို မြန်မာနိုင်ငံသားတဦးအပါအဝင် သုံးဦးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
သင်းဆိုင်း(Thingsai) ရဲစခန်းမှူး Sl.Kamthanga ဦးဆောင်တဲ့ အဖွဲ့ဟာ သင်းဆိုင်းရွာနဲ့ ခေါရီ(Khawhri) ရွာကြားမှာရှိတဲ့ တွီးဖိုင် (Tuiphai) တံတား စစ်ဆေးရေးဂိတ်မှာ ဩဂုတ် ၃ ရက်၊ မနက် ၈ နာရီခွဲအချိန်က တားဆီးစစ်ဆေးခဲ့တာပါ။
ဆာလွန်(Cerhlun) ရွာကနေ လွန်းလေ(Lunglei) မြို့ကို မောင်းနှင်လာတဲ့ Maxi Cab ခရီးသည်တင်ယာဉ်ပေါ်ကနေ ရူပီငါးသိန်းခန့်တန်ကြေးရှိ AK သေနတ် ခုနှစ်လက်နဲ့ ကျည်ဆန်နှစ်ထောင်ကျော်ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိသူတွေကတော့ အသက်လေးဆယ်နှစ်နှစ်အရွယ်အရွယ် လာလ်ရွားဖေလီ (Lalruatfeli)၊ အသက်သုံးဆယ်နှစ်အရွယ် လာလ်လွန်းနေးမ (Lallunghnema) နဲ့ ယာဉ်မောင်းဖြစ်သူ အသက်နှစ်ဆယ့်ခုနှစ်နှစ်အရွယ်မေရှက်ခ် လာလ်ဗန်းဆန်းဂါး (Mesak Lalvensanga) တို့ဖြစ်ကြပြီး တဦးမှာ မြန်မာနိုင်ငံသားဖြစ်ပါတယ်။
သူတို့ကို သင်းဆိုင်းရဲစခန်းမှာ လက်နက်ဥပဒေ၊ နိုင်ငံခြားသားများဆိုင်ရာ ဥပဒေတို့နဲ့အမှုဖွင့်ထားပြီး မနက်ဖြန်ဩဂုတ် ၄ ရက်၊ ဒီနေ့မှာ လွန်းလေမြို့နယ် တရားရုံးကိုပို့ဆောင်သွားမှာဖြစ်ပါတယ်။







