Border News Agency
ထိုင်း၊ သြဂုတ် ၆။
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်၊ ပလွတ်ဒန်းမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ ဂိုဒေါင်တခုကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးချိန် အလုပ်လုပ်ခွင့်ကတ်မရှိတဲ့ မြန်မာတဆယ့်ကိုးဦးအပါအဝင် နှစ်ဆယ့်နှစ်ဦးဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီရယောင်းခရိုင် အလုပ်သမားဌာနရဲ့ ညွှန်ကြားချက်နဲ့အတူပူးပေါင်းအဖွဲ့ဟာ သြဂုတ်လ ၄ ရက်နေ့က တာဆစ်ကျေးရွာအုပ်စုရှိ စိုက်ခင်းနဲ့အငှားဂိုဒေါင်တွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့တာပါ။
စစ်ဆေးချိန်မှာ မြန်မာတရာလေးဆယ့်ရှစ်ဦး၊ ထိုင်းတဆယ့်ငါးဦး၊ တရုတ်တဆယ့်ရှစ်ဦးနဲ့ ကမ္ဘောဒီးယားတဦး၊ စုစုပေါင်းလုပ်သားတရာရှစ်ဆယ့်နှစ်ဦးအလုပ်လုပ်နေတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
အဲဒီလုပ်သားတွေရဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးရာမှာ အလုပ်လုပ်ခွင့်ပါမစ်မရှိတဲ့ မြန်မာတဆယ့်ကိုးဦးနဲ့ တရုတ်သုံးဦးတို့ကို စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခဲ့တာပါ။
အဲဒီဖမ်းဆီးရမိသူ နှစ်ဆယ့်နှစ်ဦးလုံးကို ဥပဒေအတိုင်းအရေးယူနိုင်ဖို့ ပလွတ်ဒန်းမြို့မရဲစခန်းကို လွှဲပြောင်းပို့ဆောင်ထားပါတယ်။











