Border News Agency
ထိုင်း၊ သြဂုတ် ၆။
ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင်ချာန်ဗီရာကူးလ်ဟာ ဘန်ကောက်မြို့ကိုရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံပြီး အလုပ်သမားအရေး၊ ရေအရည်အသွေးစီမံခန့်ခွဲမှုနဲ့ အာကာသနည်းပညာမြှင့်တင်ရေး နားလည်မှုစာချွန်လွှာ (MOU) တွေကို ဒီနေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒီနေ့မနက် ၁၁ နာရီခွဲအချိန်ခန့်က ဘန်ကောက်မြို့ရှိ အစိုးရအဖွဲ့ရုံးမှာ အဲဒီနားလည်မှုစာချွတ်လွှာစာချုပ်သုံးစောင်လဲလှယ်တဲ့ အခမ်းအနားကို ကျင်းပခဲ့တာပါ။
အဲဒီစာချုပ်တွေထဲမှာ နှစ်နိုင်ငံအကြား အလုပ်သမားဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနဲ့ အလုပ်သမားငှားရမ်းခန့်ထားရေးဆိုင်ရာ သဘောတူညီချက်တွေ ပါဝင်ပါတယ်။
အဲဒီအပြင် ထိုင်းနဲ့ မြန်မာနယ်စပ်ဖြတ်ကျော်မြစ်တွေရဲ့ ရေအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ရဲ့ တာဝန်ဝတ္တရားတွေ(TOR) စာချုပ်လည်းပါဝင်တာကို တွေ့ရပါတယ်။
နောက်ဆုံးတစောင်အဖြစ် ထိုင်းအာကာသနည်းပညာ သတင်းအချက်အလက်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အာကာသအေဂျင်စီတို့အကြား နည်းပညာကို ငြိမ်းချမ်းသောနည်းလမ်းဖြင့်အသုံးချရေး MOU တို့ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။



















