Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၁။
ကျောက်တော်မြို့နယ်အိန္ဒိယဈေးကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ငါးဆယ်သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂ (EU) ပြောရေးဆိုခွင့်ရှိသူက ကန့်ကွက်ရှုတ်ချကြောင်း အောက်တိုဘာလ ၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ကျောက်တော်မြို့နယ်ရှိ အိန္ဒိယဈေးကို စက်တင်ဘာလ ၂၈ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူငါးဆယ်ဦးထက်မနည်းသေဆုံးခဲ့ရပြီး ငါးဆယ့်ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law – IHL) ဟာ ကမ္ဘာလုံးဆိုင်ရာသက်ရောက်မှုရှိပြီး မဖြစ်မနေလေးစားလိုက်နာရမယ့် ဥပဒေဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေ၊သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူထပ်တူညီ ဝမ်းနည်းခံစားရကြောင်းနဲ့ မြန်မာပြည်သူလူထုနဲ့အတူ တသားတည်း ဆက်လက် ရပ်တည်သွားမယ်လို့လည်း ဥရောပသမဂ္ဂ (EU) က အသိပေးထားပါတယ်။










