Border News Agency
ကျောက်တော်၊အောက်တိုဘာ ၁။
ကျောက်တော်မြို့အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားကို အာဏာသိမ်းစစ်တပ်ကလေကြောင်းမှတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/MDF) က စက်တင်ဘာလ ၃၁ ရက်နေ့မှာ ရှုတ်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က စစ်ဖက်ဆိုင်ရာတိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပြည်သူတွေစီးပွားရေးနဲ့ကုန်သွယ်ရောင်းဝယ်နေတဲ့ ကျောက်တော်မြို့အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားကို အာဏာသိမ်းစစ်တပ်ကလေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလို လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ငါးဆယ်ဦးခန့်သေဆုံးခဲ့ရတဲ့အပြင် အရပ်သားငါးဆယ့်ရှစ်ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေပါ ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီလူမဆန်တဲ့လုပ်ရပ်အပေါ် MTC/MDF အနေနဲ့ အပြင်းအထန်ရှုတ်ချပြီး ထိခိုက်သေဆုံးခဲ့ရတဲ့ အာရက္ခပြည်သူတွေနဲ့ ထပ်တူထပ်မျှဝမ်းနည်းရတယ်လို့လည်းဆိုပါတယ်။
အဲဒီအပြင် ပြည်သူလူထုတရပ်လုံးကို လက်နက်နဲ့ဗိုလ်ကျမိုးဇောနေတဲ့ အာဏာသိမ်းစစ်တပ်ကို မဟာမိတ်ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အပါအဝင် တော်လှန်ရေးဆက်လက်တော်အဖွဲ့အစည်းတွေနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့လည်း MTC/MDF က အသိပေးထားပါတယ်။










