Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၁ ။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သုံးမြို့နယ်ကို စက်တင်ဘာလ ၃၀ ရက်နေ့ညက အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီရသေ့တောင်၊ပုဏ္ဏားကျွန်း၊ပေါက်တော သုံးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်ဆိပ်ကျေးရွာအနီးကို စက်တင်ဘာလ ၃၀ ရက်နေ့ ည ၉ နာရီကျော်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အသက်လေးနှစ်အရွယ် မောင်နေကျော်လင်းနဲ့ အသက်နှစ်ဆယ်ခြောက်နှစ်အရွယ် မခင်ခင်သန်းဒဏ်ရာရသွားတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေကဆိုကြပါတယ်။
“စစ်တွေကလက်နက်ကြီးတွေတောက်လျှောက်ပစ်နေတာပါ။ ပြီးမှလေယာဥ်လာချတာပါ။ နှစ်ယောက်ဒဏ်ရာရသွားပါတယ်။”လို့ ပုဏ္ဏားကျွန်းဒေသခံအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအပြင် ရသေ့တောင်မြို့နယ်၊ကူတောင်ရွာကို စက်တင်ဘာလ ၃၀ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အသက်ငါးဆယ်တနှစ်အရွယ် ဒူးကြီး (ခေါ်)ဦးအာင်ထွန်းသိန်းသေဆုံးပြီး အသက်လေးဆယ်လေးနှစ်အရွယ်ဒေါ်ဝ င်းနုဒဏ်ရာရသွားတယ်လို့ ကူတောင်ရွာသားတွေက ဆိုကြပါတယ်။
“အခင်သေပြီး အရီးဒဏ်ရာရသွားပါတယ်။”လို့ ကူတောင်ရွာမှအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
နောက်ပြီး ပေါက်တောမြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ငါးဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီပေါက်တောမြို့က အသက်နှစ်ဆယ်ခြောက်နှစ်အရွယ် မခင်ခင်ဌေး၊အသက်လေးဆယ်အရွယ် ဒေါ်မချေ၊အသက်လေးဆယ်သုံးနှစ်အရွယ် ဒေါ်မနွယ်စိုး၊အသက်ငါးဆယ်လေးနှစ်အရွယ် ဒေါ်လှကျော့ယဥ်၊အသက်ခြောက်ဆယ်ခြောက်နှစ်အရွယ် ဒေါ်မသန်းယဥ်ဒဏ်ရာရသွားကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
“လေယာဥ်လာပြီးတော့ တလုံးပြီးတလုံးလာချတာပါ။ လူတွေအိပ်နေကြတော့ ဖရိုဖရဲဖြစ်သွားကြပါတယ်။ အကုန်လုံးလန့်သွားကြပါတယ်။” လို့ ပေါက်တောဒေသခံအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ရှိ အိန္ဒိယစျေးအနီးကို စက်တင်ဘာလ ၂၈ ရက်နေ့၊ နေ့လည် ၁ ၂ နာရီကျော်ခန့်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ငါးဆယ်သေဆုံးပြီး ငါးဆယ်ခုနှစ်ဦးဒ ဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ နေ့စဥ်လိုလိုပြုလုပ်နေပြီး ပြည်သူတွေ သေဆုံးဒဏ်ရာရနေကြပါတယ်။










