Border News Agency
လားရှိုး၊သြဂုတ် ၆။
ရှမ်းပြည်မြောက်ပိုင်း၊လားရှိုးမြို့မှာ သြဂုတ်လ ၆ ရက်၊ ဒီနေ့ထိ မိုးဆက်ရွာနေတာကြောင့် လားရှိုး-မိုင်းယော်သွား လမ်းပေါ်က မဲလုံးတံတားမှာရေကြီးရေလျှံနေပြီးကားနဲ့ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာလို့ မရတော့ပါဘူး။
အဲဒီရေကြီးမှုကြောင့် အန္တရာယ်ဖြစ်နိုင်တာမို့ တာပုံဘက်သွားတဲ့ လမ်းပိုင်းကိုလည်း ကြိုးနဲ့တားဆီးကာ သွားလာခွင့်ပိတ်ပင်ထားပါတယ်။
အဲဒီအပြင် နမ့်ယော်ချောင်း(ခေါ်) အေတီချောင်းရေမှတ်ဟာ မနေ့ကညနေပိုင်းထက် ဒီနေ့ပိုတက်လာနေပြီး ချောင်းတလျှောက်က လယ်မြေတွေ ရေနစ်နေပါတယ်။
အေတီတံတားလမ်းအနီးမှာ ရေတက်လာတာတွေ့ရပေမယ့် လမ်းပေါ်ထိရေကျော်တက်တာမရှိသေးတာကြောင့် ဒီနေ့မနက်ပိုင်းထိ မော်တော်ယာဉ်တွေ ပုံမှန်ဖြတ်သန်းသွားလာနေကြပါတယ်။
မိုးဆက်ရွာနေတာမို့ ချောင်းဘေးဝန်းကျင်နဲ့မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိထားကြဖို့နဲ့ ဘေးကင်းရေးဂရုစိုက်ကြဖို့လည်း ဒေသခံတွေက သတိပေးထားပါတယ်။








