Border News Agency
ထိုင်း၊ သြဂုတ် ၆။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံရောက်ရှိလာတာကို ကန့်ကွက်ရှုတ်ချတဲ့ဆန္ဒပြပွဲ မြန်မာလုပ်သားအရေးဆောင်ရွက်နေတဲ့ Bright Future အဖွဲ့က သြဂုတ်လ ၆ ရက်၊ဒီနေ့မနက်ပိုင်းမှာ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့မှာပြုလုပ်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ နှစ်ရက်ကြာထိုင်းခရီးစဉ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့သံရုံးရှေ့မှာဆန္ဒပြဖို့ ထိုင်းရဲတပ်ဖွဲ့ကခွင့်မပြုဘဲ UN ရုံးရှေ့မှာပဲ ခွင့်ပြုခဲ့တာကြောင့် အဲဒီနေရာမှာဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဆန္ဒပြပွဲမှာတော်လှန်ရေး သီချင်းတွေဖွင့်ဆိုပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုကန့်ကွက်တဲ့ စာတမ်းတွေ၊ ပိုစတာတွေကိုကိုင်ဆောင်ကာ စစ်အာဏာရှင် စနစ်ကျရှုံးရေးကြွေးကြော်သံတွေကို ဟစ်ကြွေးဆန္ဒပြခဲ့ကြပါတယ်။
တပြိုင်နက်တည်းမှာပဲ စစ်ခေါင်းဆောင်ခရီးစဉ်မတိုင်မီ ဩဂုတ် ၅ ရက်နေ့ကတည်းကထိုင်းရဲတပ်ဖွဲ့ဟာ မြန်မာတက်ကြွလှုပ်ရှားသူတွေကို အပြင်ထွက်ခွင့် တားဆီးစောင့်ကြည့်တာနဲ့ သံရုံးရှေ့လုံခြုံရေးတိုးမြှင့်ထားပါတယ်။












