Border News Agency
ထိုင်း၊ သြဂုတ် ၇။
ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ် အနုထင်တွေ့ဆုံပြီး ပူးတွဲကြေညာချက်ထဲ အာဆီယံယန္တရားတွေမှာမြန်မာနိုင်ငံ အပြည့်အဝပြန်ပါဝင်ခွင့်ရဖို့ ထိုင်းနိုင်ငံကဆက်ကူညီသွားမယ်လို့ ဖော်ပြထားပါတယ်။
အာဆီယံပဋိညာဉ်စာတမ်း၊ မူဝါဒတွေနဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း မြန်မာနိုင်ငံတန်းတူညီမျှပါဝင်ခွင့်ရရှိရေးအတွက် မြန်မာနဲ့နီးကပ်စွာ ဆက်လုပ်သွားမယ်လို့ ထိုင်းကတိပြုခဲ့တာပါ။
အဲဒီအပြင် အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေးပြန်ရအောင်ကူညီပေးနေတဲ့ ထိုင်းနိုင်ငံရဲ့အပြုသဘောဆောင်အခန်းကဏ္ဍကိုလည်း စစ်ခေါင်းဆောင်ကျေးဇူးတင်စကားပြောပါတယ်။
မြန်မာဦးဆောင်တဲ့ မြန်မာ့နည်း၊ မြန်မာ့ဟန်နဲ့ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးရရှိဖို့ကြိုးပမ်းမှုတွေကို ထိုင်းနိုင်ငံကကြိုဆိုပြီး နှစ်နိုင်ငံကြား နီးကပ်စွာ ဆွေးနွေးညှိနှိုင်းလုပ်သွားမယ်လို့ဆိုပါတယ်။
အဲဒီအပြင်ကျင်းပဖို့ရှိတဲ့ ၁၁ ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေး အပါအဝင် ဒေသတွင်းမူဘောင်တွေကတဆင့် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုတိုးသွားကြမယ်လို့ဆိုပါတယ်။







