Border News Agency
ပင်လောင်း၊ စက်တင်ဘာ ၁။
ရှမ်းပြည်၊ပင်လောင်းမြို့နယ်၊လိန်းလီကျေးရွာအနီးမှာ ငွေကျပ် ၁ ဒသမ ၇၂ ဘီလီယံ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၃၄ ဒသမ ၄ သိန်းကို မော်တော်ယာဉ်တစီးပေါ်ကနေ သိမ်းဆည်းရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဗဟိုက စက်တင်ဘာလ ၁ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လိန်းလီကျေးရွာအနီးမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့ကသက်သေတွေနဲ့အတူ မော်တော်ယာဉ်တွေကို စစ်ဆေးရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလိုစစ်ဆေးစဉ် ဇော်ဇော်အောင်နဲ့ပိုင်သူကျော်တို့စီးလာတဲ့ NISSAN DIESEL DUMP အမျိုးအစား မော်တော်ယာဉ်ကိုရပ်တန့်စစ်ဆေးရာမှာ ယာဉ်ပေါ်မှာသိုဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြားတွေနဲ့ လက်ကိုင်ဖုန်း ၂ လုံးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိသူ အသက် ၅၅ နှစ်အရွယ် ဇော်ဇော်အောင် နဲ့ အသက် ၃၁ နှစ်အရွယ်ပိုင်သူကျော်တို့ကို ဖိုကုန်းနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။
အဲဒီမူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုနဲ့ပတ်သက်တဲ့ ပါဝင်ပတ်သက်သူတွေနဲ့ ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့လည်းဆိုပါတယ်။








