Border News Agency
ရန်ကုန်၊ စက်တင်ဘာ ၂။
အာဏာသိမ်းစစ်တပ်ဌာနချုပ်တည်ရှိရာ နေပြည်တော်မှာပြုလုပ်တဲ့ စာမေးပွဲထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အစိုးရသစ်ကာလမှာ လူငယ်ရေးရာ ဝန်ကြီးဌာနကိုအသစ်ဖွဲ့စည်းပြီး လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီအပြင် လူငယ်တွေရဲ့အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်ကနေ ဖြည့်ဆည်းပံ့ပိုးပေးသွားမယ်လို့လည်းဆိုပါတယ်။
လူငယ်တွေ တိုင်းတပါးကို သွားရောက်အလုပ်လုပ်ကိုင်နေကြတာဟာ နိုင်ငံတော်အတွက် အလွန်နစ်နာပြီး နိုင်ငံ့အရင်းအမြစ်တွေများစွာဆုံးရှုံးရတယ်လို့ဆိုကာ မိမိနိုင်ငံကသင်ပေးလိုက်တဲ့ ပညာရပ်တွေနဲ့ မိမိနိုင်ငံနဲ့လူမျိုးကို ပြန်လည်ကျေးဇူးဆပ်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
ဒါပေမယ့် အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး နေရာအနှံ့မှာ လူငယ်တွေကို မတရားပေါ်တာဆွဲဖမ်းဆီးနေတာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။
ဒီလိုစစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် လူငယ်အများအပြားဟာ အိမ်နီးချင်းနိုင်ငံတွေကို နည်းလမ်းမျိုးစုံနဲ့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နိုင်ငံရဲ့အနာဂတ် လူငယ်အရင်းအမြစ်တွေ ဆိုးရွားစွာ ပျက်စီးဆုံးရှုံးနေရတယ်လို့ မြေပြင်အခြေအနေကိုစောင့်ကြည့်နေသူတွေက ထောက်ပြကြပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ရဲ့ မတရားစစ်မှုထမ်းခေါ်ယူမှုနဲ့ ဖမ်းဆီးဖိနှိပ်မှုတွေကြောင့် ပြည်တွင်းရှိ လူငယ်အများအပြားဟာ ဘဝအနာဂတ်ပျောက်ဆုံးနေရပြီး ပညာသင်ကြားခွင့်နဲ့ လုပ်ငန်းခွင်အခွင့်အလမ်းတွေပါဆုံးရှုံးနေကြရတယ်လို့ မြေပြင်မှာကြုံတွေ့နေရတဲ့ လူငယ်တွေက ဆိုကြပါတယ်။








