Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်မှာ အသက်တဆယ့်လေးနှစ်အရွယ်မိန်းကလေးငယ်ကို မုဒိမ်းမှုကျူးလွန်ထွက်ပြေးနေတဲ့တရားခံကို ဖမ်းဆီးတရားစွဲဆိုလိုက်ပြီလို့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနက စက်တင်ဘာလ ၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီကျောက်တော်မြို့နယ်၊သိန်းတန်ရွာနေ အသက်ငါးဆယ့်ငါးနှစ်အရွယ် ခြံပိုင်ရှင်ဦးမောင်အေးလှ ဆိုသူဟာ ပြီးခဲ့တဲ့ဧပြီလ ၆ ရက်နေ့က သူရဲ့ဥယျာဉ်ခြံဆီ အသွားတောလမ်းမှာ ယာယီတဲထိုး အိပ်စက်ချိန်မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တာပါ။
အဲဒီအပြင် သင်္ကြန်အလွန်မှာလည်း မိန်းကလေးငယ်ရဲ့ အသက်ရှစ်နှစ်အရွယ်ညီမဖြစ်သူကို ပိုက်ဆံနဲ့မုန့်ပေးပြီး မဖွယ်မရာပြုလုပ်ခဲ့တာကြောင့် မေလ ၁၅ ရက်နေ့မှာ နစ်နာသူမိသားစုက သက်ဆိုင်ရာ ဒီလပ်စခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့ပါတယ်။
အဲဒီထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံဦးမောင်အေးလှကို ဒီလပ်တပ်ဖွဲ့က စုံစမ်းထောက်လှမ်းကာ ဇူလိုင်လ ၃၀ရက်နေ့ မနက်စောစောမှာသိန်းတန်ရွာရှိ သူရဲ့နေအိမ်မှာသွားရောက် ဖမ်းဆီးခဲ့ပါတယ်။
အဲဒီဦးမောင်အေးလှက ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တာကြောင့် ဩဂုတ်လ ၂၈ရက်နေ့မှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆၊ ၃၇၇ နဲ့ မြောက်ဦးခရိုင် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ပါတယ်။












