Border News Agency
ရန်ကုန်၊ စက်တင်ဘာ ၃။
ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ မရှိတဲ့ လူမျိုးအမည်နဲ့လွဲမှားစွာ သုံးစွဲဖော်ပြနေတာကို ပြတ်သားစွာကန့်ကွက်တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်မြောက်ပိုင်းဖြစ်စဉ်တွေဟာ အာဆာ (ARSA) အကြမ်းဖက်အဖွဲ့ရဲ့အကွက်ကျ ကြိုတင်စီစဉ်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာရတာဖြစ်တယ်လို့ ဆိုပါတယ်။
အာဆာအဖွဲ့ရဲ့တိုက်ခိုက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဒေသခံတိုင်းရင်းသားတွေနဲ့ ရခိုင်ပြည်မြောက်ပိုင်းမှ ဘင်္ဂလီတွေဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတာလို့ဆိုပါတယ်။
နိုင်ငံအချို့နဲ့ သတင်းမီဒီယာတွေရဲ့ထုတ်ပြန်ချက်တွေမှာအာဆာအဖွဲ့ရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကို လျစ်လျူရှုထားပြီး နိုင်ငံရေးရည်ရွယ်ချက်နဲ့ မမှန်မကန်စွပ်စွဲပြောဆိုနေကြတာကို လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။
အဲဒီအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေတဲ့ စိစစ်ပြီးနေရပ်စွန့်ခွာသူတွေကို နှစ်နိုင်ငံသဘောတူညီချက်တွေနဲ့အညီ ပြန်လည်လက်ခံဖို့ အာဏာသိမ်းစစ်တပ်ကဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရခိုင်မြောက်ပိုင်းဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မြေပြင်ပကတိအခြေအနေမှန်တွေကို အသိအမှတ်ပြုတာမရှိဘဲ နိုင်ငံရေးလှုံ့ဆော်မှုအရ ထုတ်ပြန်တဲ့ကြေညာချက်တွေ၊သတင်းဖော်ပြချက်တွေကို ပယ်ချတယ်လို့လည်းဆိုပါတယ်။








