Border News Agency
မြောက်ဦး၊စက်တင်ဘာ ၄။
ရခိုင်ဒေသရဲ့ဒက်စတိုပီယန်းတွေ
၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးနောက် ရခိုင်ဒေသဟာ နယ်စပ်ကုန်သွယ်ရေးတွေလုံးဝပြိုလဲသွားသလို လူဦးရေနှစ်သန်းခန့်လည်း နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေမရကြဘဲ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို အဆုံးဝါးဆုံးခံစားကြုံတွေ့နေကြရပါတယ်လို့ ကုလသမဂ္ဂရဲ့ ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၂ ရက်နေ့ အစီရင်ခံစာကဆိုပါတယ်။
အဲဒီအပြင် ပြည်တွင်းပြည်ပကုန်စည်စီးဆင်းမှုတွေတားဆီးကန့်သတ်ခံထားကြရပြီး ရခိုင်ဒေသဝင်မလာတော့သလို ငွေကြေးတန်ဖိုးကျဆင်းမှု၊ငွေကြေးဖောင်း ပွမှု၊အလုပ်အကိုင်တွေဆုံးရှုံးမှု၊စိုက်ပျိုးရေးထုတ်ကုန်ပမာဏလျော့နည်းလာမှုနဲ့အခြေခံဝန်ဆောင်မှုတွေပြတ်တောက်မှုပြီး ဈေးကွက်ဟာလည်းပျက်စီးခဲ့ရပါတယ်။
အဲဒီလိုဆိုးဝါးတဲ့အခြေအနေတွေအောက်မှာ အရေးပေါ်အကူအညီတွေမရဘဲ ရခိုင်ဒေသရဲ့လူဦးရေကိုးဆယ်ငါးရာခိုင်နှုန်းဟာ ရှင်သန်နေထိုင်နေရတယ်လို့ UNDP က သတိပေးထားပါတယ်။
အဲဒီလိုကုန်ထုတ်လုပ်မှုတွေကျဆင်း၊ကုန်ဈေးနှုန်းတွေကြီးမြင့်၊အလုပ်လက်မဲ့တွေများ၊ဘေးကင်းလုံခြုံမှုမရှိတဲ့ပတ်ဝန်းကျင်မှာ လူတွေဟာသူတို့ကိုယ်သူတို့ ရှင်သန်ဖို့အတွက် တခြားနေရာတွေကိုထွက်ခွာနေကြတယ်လို့လည်း ကုလသမဂ္ဂကဆိုပါတယ်။
၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အတွင်း ကုလသမဂ္ဂဘက်ကရရှိခဲ့တဲ့အချက်အလက်တွေအရ ရခိုင်ဒေသတခုလုံးစီးပွားရေးပြိုလဲခဲ့ပြီးဖြစ်သလို ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ အထိနာခဲ့တယ်လို့ UNDP က ဆိုပါတယ်။
အဲဒီစိုက်ပျိုးရေးထွက်ကုန်တွေကို ပြည်တွင်းပြည်ပဈေးကွက်တွေကို ပို့ခွင့်မရှိတော့တဲ့နောက်မှာ ရခိုင်ဒေသထဲကလူတွေရဲ့ဝင်ငွေစီးကြောင်းဟာလည်း ရပ် တန့်သွားပါတယ်။
အဲဒါဟာ ရခိုင်ဒေသအပေါ် မြန်မာစစ်တပ်ရဲ့သီးခြားဖယ်ထုတ်ပြီး လူထုကိုပါအစုလိုက်အပြုံလိုက်အပြစ်ပေးနေတာလို့ ကုလသမဂ္ဂကဆိုပါတယ်။
လူမျိုးစုလက္ခဏာအပေါ်တင်းမာမှုဟာလည်း စီးပွားရေးအပေါ်သက်ရောက်ဆိုးဝါးစေတယ်လို့ UNDP က ဆိုပါတယ်။(စကားချပ်- ကုလသမဂ္ဂရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ လူမျိုးစုလက္ခဏာအပေါ်လွှမ်းမိုးမှုဆိုတဲ့အသုံးအနှုန်းဟာ ရိုဟင်ဂျာတွေအပေါ် ရည်ညွှန်းလိုပေမယ့် လက်ရှိမှာတော့လူနည်းစုအမျိုးကွဲပြားတဲ့ တောင်ပိုင်းဒေသတွေ၊တခြားသက်၊ခမိ၊မြို၊ဒိုင်းနက်၊မရာမာကြီး၊ချင်းနဲ့ဟိန္ဒုဘာသာဝင်စတဲ့ သရုပ်လက္ခဏာတွေအပေါ်မှာပါ သက်ရောက်မှု၊ ခွဲခြားမှုတွေကရှိနေတော့မှာပါ။
အဲဒီသရုပ်လက္ခဏာတွေအပေါ်မှာလည်း စီးပွားရေးအခွင့်အလမ်းတွေကခွဲခြားခံနေရမှာပါ။)
စက်မှုလုပ်ငန်းသုံးအတွက် လောင်စာဆီအကျပ်အတည်းအပါအဝင် တခြားအရင်းအမြစ်နဲ့အခွင့်အလမ်းတွေပျောက်ဆုံးမှုက လူငယ်တွေ၊မိသားစုတွေကို ထွက်ခွာမှုတွေဖြစ်စေတယ်လို့ UNDP က ဆိုပါတယ်။
အဲဒီအထဲမှာထိခိုက်လွယ်တဲ့ရိုဟင်ဂျာတွေအပါအဝင် တခြားသူတွေဟာလမ်းခရီးမှာ အန္တရာယ်တွေ၊လူကုန်ကူးသူတွေရဲ့အန္တရာယ်တွေရှိနေပေမယ့် ထွက်ခွာနေမှုရှိနေကြဆဲပါ။
အဲဒီလိုအကျပ်အတည်းတွေဟာ အမျိုးသမီးတွေအတွက် ပိုပြီးဝန်ထုတ်ဝန်ပိုးတွေ၊ဖိအားတွေဖြစ်စေပါတယ်။
အဲဒီအပြင် လုပ်ငန်းခွင်အကန့်အသတ်ကြီးမားမှု၊ကျား/မ ခွဲခြားမှုတွေက ပိုမိုမြင့်တက်လာမှုနဲ့ဝင်ငွေနိမ့်ပါးမှုတွေက အမျိုးသမီးတွေကိုအကျပ်အတည်းထဲ ရောက်စေတယ်လို့ UNDP က ဆိုပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လ ၂၉ ရက်နေ့က ရခိုင်ဒေသမှနေရပ်စွန့်ခွာမှုတွေနဲ့ပတ်သက်ပြီး ULA/AA ရဲ့ ရဲတပ်ဖွဲ့ (DLEPS) က သတင်းထုတ်ပြန်ပါတယ်။
အဲဒီထုတ်ပြန်ချက်ကို အနှစ်ချုပ်ကြည့်ရင်တော့ ULA/AA က လူကုန်ကူးမှုကိုအရေးယူနေသလို အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ကထွက်ခွာဖို့ကြိုးစားသူတွေကိုဖမ်းဆီးနေတယ်။
အဲဒီထဲက NDEP အရ အကျုံးဝင်သူတွေကိုစစ်မှုထမ်းပို့နေပြီး အကျုံးမဝင်သူတွေကိုပြစ်ဒဏ်ပေးပြန်လွှတ်နေတယ်လို့ ဆိုထားပါတယ်။
အဲဒီနေရာမှာ လူကုန်ကူးမှုကို အပြစ်အဖြစ်သတ်မှတ်တာကအကြောင်းမဟုတ်ပေမယ့် ဒက်စတိုပီယန်းဘဝတွေကိုပါ လူကုန်ကူးမှုအောက်ထဲကရောကြိတ်မယ့်လက္ခဏာတွေကို တွေ့လာရတာကစိတ်မသက်သာစရာပါ။
ရခိုင်ဒေသရဲ့မျိုးဆက်သစ်လူငယ်တွေအပေါ် အာဏာသိမ်းစစ်တပ်အပါအဝင်ULA/AA ကလည်း စစ်မှုထမ်းဖို့အတွက်အတင်းအဓမ္မခြိမ်းခြောက်မှုတွေရှိနေပြီး အဲဒါဟာမျိုးဆက်တခုလုံးရဲ့အနာဂတ်ကို သက်ရောက်မှုရှိလာနိုင်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၄ ခုနှစ်က စတင်ကျင့်သုံးလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား ရခိုင်လူငယ်တွေအပေါ် သ က်ရောက်မှုတွေရှိနေပါတယ်။
အဲဒီနောက်အာရက္ခတပ်တော်(AA)ကလည်း အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကိုပြဋ္ဌာန်းပြီး လူငယ်တွေကို ပြည်ပထွက်ခွာခွင့်တားလိုက်သလို တပ်သားသစ်တွေစတင်စုဆောင်းလာတာကြောင့် လူငယ်တွေဟာလက်နက်ကိုင်ပဋိပက္ခသားကောင်တွေ ဖြစ်လာခဲ့ကြရပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်နဲ့အာရက္ခတပ်တော်ဟာ ရခိုင်လူငယ်တွေအပါအဝင်လူနည်းစုတွေထဲကလူငယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းတဲ့သက်သေအချက်အလက်တွေကို Border News Agency က လက်ခံရရှိထားပါတယ်။
အဲဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်တွေအပါအဝင် ပါတီနိုင်ငံရေးပြည်သူ့ကိုယ်စားပြုသူတွေဟာ လက်နက်ကိုင်ပဋိပက္ခဆိုးကျော့သံသရာထဲရုန်းထွက်နိုင်မယ့် နိုင်ငံရေးထွက်ပေါက်တွေကို ရှာဖွေစဥ်စားဆုံးဖြတ်ကြရတော့မှာဖြစ်ပါတယ်။
အဲဒီလက်နက်ကိုင်ပဋိပက္ခဆိုးကျော့သသရာကို အချိန်မီမဖြတ်နိုင်ဘူးဆိုရင်တော့ အနာဂတ်မျိုးဆက်တွေအပါအဝင် ဒေသတည်ငြိမ်ဖွံ့ဖြိုးရေးတွေဟာလည်း သုဿန်တစပြင်လိုဖြစ်နေပြီး ဒေသလူထုမျိုးဆက်တွေဟာလည်း အကျပ်အတည်းသံသရာထဲမှာအဖန်တရာသားကောင်းတွေ ဆက်ဖြစ်နေကြဦးမှာပါပဲ။
ဆက်ရန်…
ကိုးကား…









