Border News Agency
စစ်တွေ၊ စက်တင်ဘာ ၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ အရပ်သားပြည်သူတွေ စုဝေးရာနေရာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ရေကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြုပြီး ရွယ်ရည်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအချိန်ပြည့်သတိထားကြဖို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) က စက်တင်ဘာလ ၄ ရက်၊ဒီနေ့သတိပေးလိုက်ပါတယ်။
အဲဒီပုဏ္ဏားကျွန်း၊စစ်တွေနဲ့ရသေ့တောင်သုံးမြို့နယ်ရှိ ကျေးရွာတွေကို စက်တင်ဘာလ ၃ ရက်၊မနက် ၁၁ နာရီ ၂ မိနစ်အချိန်မှာအာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်လေးစီးနဲ့ မိနစ် ၃၀ ခန့် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ပင်လယ်ပြင်ရှိစစ်သင်္ဘောတွေပေါ်မှလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်စက်တင်ဘာဘ ၄ ရက်၊ဒီနေ့ မနက်ပိုင်းမှာလည်း စစ်တွေမြို့ရှိ အာဏာသိမ်းစစ်တပ်ရဲ့တပ်စခန်းတွေနဲ့ပင်လယ်ပြင်ရှိ စစ်သင်္ဘောတွေပေါ်မှ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်၊ ဂွနဲ့ ငပလီကမ်းခြေဘက်သို့ လက်နက်ကြီးတွေနဲ့ဆက်ပစ်ခတ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာလဆန်းပိုင်းမှစလို့ အာရက္ခဒေသအတွင်း စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာပြီး အရပ်သားပြည်သူတွေ စုဝေးရာနေရာတွေကိုပစ်မှတ်ထားကာ အချိန်မရွေးပစ်ခတ်တိုက်ခိုက်နိုင်ခြေရှိနေတာဖြစ်ပါတယ်။
အာရက္ခတပ်တော်နဲ့အာဏာသိမ်းစစ်တပ်ကြားတိုက်ပွဲတွေပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုပြုလုပ်လာနေတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ကမ်းခြေနဲ့ချောင်းကမ်းဘေးနေ ပြည်သူတွေအပါအဝင် အာရက္ခဒေသအတွင်းရှိ ပြည်သူတွေလေကြောင်း သတိပေးချက်တွေကို အထူးဂရုစိုက်ကြဖို့နဲ့ လက်နက်ကြီး၊လေကြောင်းအန္တရာယ်တွေကို သတိထားနေထိုင်ကြဖို့နှိုးဆော်ထားပါတယ်။










