Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁၆။
အစိုးရစာသင်ကျောင်းတွေမှာ အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးထက် ကလေးတွေ အမှန်တကယ်စာတတ်မြောက်ရေးကိုပဲ အဓိကထား သင်ကြားပေးဖို့ လိုအပ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စက်တင်ဘာလ ၁၅ ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာပြောပါတယ်။
ကျောင်းသား၊ကျောင်းသူတွေ စာတတ်မြောက်ရေးနဲ့ ပညာရေးပတ်ဝန်းကျင်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေက ဝိုင်းဝန်းကြပ်မတ်ဖို့လိုသလို တက္ကသိုလ်တွေမှာလည်း စနစ်တကျကြပ်မတ် ဆောင်ရွက်ဖို့လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့တာပါ။
ဒါပေမယ့် စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကစပြီး လက်ရှိအချိန်ထိ နိုင်ငံတဝှမ်းမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စာသင်ကျောင်းအများအပြားပျက်စီးခဲ့ရပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့ မကြာခဏလေကြောင်းကနေတိုက်ခိုက်နေတာတွေကြောင့် ပြည်သူသန်းပေါင်းများစွာဟာ စာသင်ကျောင်းတွေကိုစွန့်ခွာပြေးလွှားနေရပြီး မြေပြင်မှာ ကလေးငယ်တွေ ပညာသင်ကြားနိုင်ခွင့်နဲ့ စာတတ်မြောက်ခွင့် အခွင့်အရေးတွေလုံးဝဆုံးရှုံးနေရတာပါ။
အခြေခံပညာကျောင်းတွေအတွက် စာကြည့်တိုက်နဲ့ စာအုပ်စာစောင်တွေဖြည့်ဆည်းပေးမယ်လို့ စစ်ခေါင်းဆောင်က ဆိုပေမယ့် မြေပြင်မှာတော့ စစ်ဘေးဒဏ်ကြောင့် အခြေခံလုံခြုံရေးပင်မရှိဘဲ ပညာရေးစနစ်တရပ်လုံးပြိုလဲနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။







