Border News Agency
အိန္ဒိယ၊ စက်တင်ဘာ ၂၅။
အိန္ဒိယနိုင်ငံ၊ Noida မြို့အနီး Yamuna အမြန်လမ်းပေါ်မှာမောင်းနှင်လာတဲ့ ခရီးသည်တင်ဘတ်စ်ကားတစီး စက်တင်ဘာလ ၂၃ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ခရီးသည်ကိုးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။
ဒေလီမှမောင်းနှင်လာစဉ်ယာဉ်မောင်းအနီးမှ မီးလောင်နံ့ထွက်ပေါ်လာခဲ့ပြီး ခရီးသည်တွေရဲ့သတိပေးမှုကို ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တို့ကလစ်လျူရှုခဲ့ရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့တာလို့ အသက်ရှင်ကျန်ရစ်သူတွေကထွက်ဆိုထားပါတယ်။
မီးတောက်တွေလျင်မြန်စွာကူးစက်သွားချိန်မှာ ခရီးသည်အချို့ ပြတင်းပေါက်မှ ခုန်ဆင်းလွတ်မြောက်ခဲ့ပေမယ့် အများစုပိတ်မိကျန်ခဲ့ပြီး ဆေးရုံရောက်ရှိချိန်မှာ ကိုးဦးသေဆုံးကြောင်းအတည်ပြုခဲ့တာပါ။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက သေဆုံးသူမိသားစုတွေကို ရူပီး နှစ်သိန်းစီနဲ့ ဒဏ်ရာရသူတွေကို ရူပီးငါးသောင်းစီ ထောက်ပံ့ပေးသွားမယ်လို့ထုတ်ပြန်ထားပါတယ်။
အဲဒီအပြင် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး လွတ်မြောက်သွားတဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်ရဲ့ပေါ့ဆမှုတွေအပါအဝင် မီးလောင်မှုစတင်ဖြစ်ပွားရတဲ့အကြောင်းရင်းကို စိစစ်နေပါတယ်။
















