Border News Agency
တရုတ်၊စက်တင်ဘာ ၂၅။
မြန်မာနိုင်ငံအနေနဲ့တရုတ်နိုင်ငံအပါအဝင် ဘယ်နိုင်ငံအပေါ်မှာမှ အလွန်အမင်းမှီခိုအားထားနေရတာမရှိဘဲလွတ်လပ်ပြီး တန်းတူညီမျှတဲ့နိုင်ငံခြားရေးမူဝါဒကိုသာကျင့်သုံးနေတာလို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောပါတယ်။
Time Magazine နဲ့တွေ့ဆုံမေးမြန်းမှုအတွင်း မြန်မာနိုင်ငံအပေါ်တရုတ်ရဲ့လွှမ်းမိုးမှုနဲ့ပတ်သက်လို့ မေးမြန်းစဉ်အိမ်နီးချင်းကောင်းဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိပေမယ့် နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိခိုက်စေမယ့်အဆင့်အထိမှီခိုနေတာမရှိဘူးလို့ စစ်ခေါင်းဆောင်ကတုံ့ပြန်ခဲ့တာပါ။
”ကျွန်တော်တို့ဟာဘယ်နိုင်ငံရဲ့ လက်အောက်ခံမှ မဟုတ်ပါဘူး။တရုတ်နိုင်ငံနဲ့က အိမ်နီးချင်းကောင်းဆက်ဆံရေးဖြစ်ပြီး စီးပွားရေးနဲ့ဒေသတွင်းတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။” လို့ စစ်ခေါင်းဆောင်ကပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့် အာဏာသိမ်းစစ်တပ်ဟာ တရုတ်နဲ့ရုရှားနိုင်ငံတို့အပေါ် ပိုမိုမှီခိုလာရတယ်လို့ လေ့လာသူတွေကထောက်ပြနေကြပေမယ့် စစ်ခေါင်းဆောင်က သူတို့အနေနဲ့မိမိတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို အဓိကထားပြီးအခြားနိုင်ငံတွေနဲ့လည်း သံတမန်ရေးအရ ထိတွေ့ဆက်ဆံနေတာလို့ဆိုပါတယ်။
အဲဒီအပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အပါအဝင်စီမံကိန်းတွေကိုလည်း နှစ်နိုင်ငံဘုံအကျိုးစီးပွားအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါပေမယ့်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ဟာ စစ်လက်နက်ပစ္စည်းဝယ်ယူရေး၊ စီးပွားရေးနဲ့သံတမန်ရေးရာ အကာအကွယ်ရရှိရေးအတွက် တရုတ်နိုင်ငံအပေါ် သိသိသာသာ ပိုမိုမှီခိုအားထားနေရတယ်လို့နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေကထောက်ပြကြပါတယ်။
အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းအပါအဝင် နယ်စပ်ဒေသတွေရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေကို တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့သာပြုလုပ်နေရပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းလုံခြုံရေးအတွက်လည်း တရုတ်ရဲ့သဘောထားကို အဓိကကြည့်ရှုဆောင်ရွက်နေရတဲ့ အခြေအနေဖြစ်ပါတယ်။








