Border News Agency
လောင်းလုံး၊ စက်တင်ဘာ ၂၇။
တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်မှာ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး သံဃာတော်တွေအပါအဝင် အရပ်သားငါးဦးသေဆုံးကာ လူအများအပြားပျောက်ဆုံးနေပါတယ်။
ကဒက်ငယ်ထိန်တောင်ကျောင်း ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်မျောပါသွားခဲ့တာကြောင့် ရဟန်းနှစ်ပါးနဲ့ ကိုရင်တပါးမျောပါပျောက်ဆုံးနေသလို သဗျာကျေးရွာမှာလည်း တောင်ပြိုကျမှုကြောင့် မြေးအဖိုးသုံးဦးမြေပိသေဆုံးခဲ့တာပါ။
အဲဒီပြင် စစ်ပြဲ၊ ကညုံကျွန်း၊ ကျောက်နီမော်၊ ကဒက်ကြီးနဲ့ ကဒက်ငယ်ဆိပ်စတဲ့ ကျေးရွာတွေမှာ နေအိမ်တွေအတွင်းရေဝင်ရောက်မှုနဲ့ တောင်ပြိုမှုတွေဆိုးဝါးစွာဖြစ်ပေါ်နေပြီး ထောင်နဲ့ချီတဲ့ပြည်သူတွေပိတ်မိနေပါတယ်။
လက်ရှိမှာ ထားဝယ် – ရှင်မော်လမ်းမကြီးအပါအဝင် ကျေးရွာချင်းဆက် လမ်းတံတားတွေ ရေမြုပ်သွားတာကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီး ကယ်ဆယ်ရေးအဖွဲ့တွေလည်း လာရောက်နိုင်တာမရှိသေးပါဘူး။
မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်တာကြောင့် မြေနိမ့်ပိုင်းနဲ့ တောင်အနီးနားရှိဒေသခံတွေကို ဘေးလွတ်ရာသို့ကြိုတင်ပြောင်းရွှေ့ကြဖို့သတိပေးထားပြီး အရေးပေါ်ကူညီပေးကြဖို့လည်း လူမှုကွန်ရက်ကနေတောင်းဆိုထားကြပါတယ်။

















