Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၂၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊ ငခူတောင်ကျေးရွာနဲ့ မင်းဂံကျေးရွာအကြားမှာ စက်လှေမှောက်ပြီး ပျောက်ဆုံးနေတဲ့ သားဖနှစ်ဦးရဲ့ရုပ်အလောင်းတွေကို စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
အဉ္ဇနပူရမြို့နယ်၊နားပဲချောင်းကျေးရွာမှ အသက်လေးဆယ်လေးနှစ်အရွယ် ဦးမောင်ဖြူချေနဲ့ အသက်ခုနှစ် နှစ်အရွယ် သားဖြစ်သူ မောင်နိုင်လင်းဟိန်းတို့သားဖနှစ်ဦး စက်တင်ဘာလ ၂၄ ရက်နေ့က စက်လှေမှောက်ပြီး ရေထဲမျောပါပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။
အဲဒီပျောက်ဆုံးသွားတဲ့ သားဖနှစ်ဦးကို နားပဲချောင်း၊ငခူတောင်၊ ကုလားချောင်းနဲ့ မီးကျောင်းတက်ကျေးရွာတို့မှ ရွာသူရွာသားတွေက သုံးရက်တိုင်တိုင် မြစ်ကြောင်း၊ ချောင်းကြောင်းတွေအတိုင်း နေ့ညမပြတ်လိုက်လံရှာဖွေခဲ့ကြတာပါ။
အဲဒီလိုရှာဖွေခဲ့ရာ စက်တင်ဘာလ ၂၆ ရက်၊ မနက် ၃ နာရီအချိန်ခန့်မှာ အဖဖြစ်သူ ဦးမောင်ဖြူချေရဲ့ ရုပ်အလောင်းကို ပန်းဇင်းမော်ကမ်းအနီး သောင်ပြင်မှာရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဲဒီအပြင်သားဖြစ်သူ မောင်နိုင်လင်းဟိန်းရဲ့ ရုပ်အလောင်းကိုတော့ မနက် ၉ နာရီအချိန်ခန့်မှာ ဝင်းကျွန်းကုလားချောင်းရွာအနီးမှာ သေဆုံးလျက် ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။



















