Border News Agency
ရနောင်း၊ စက်တင်ဘာ ၂၇။
ထိုင်းနိုင်ငံ၊ရနောင်းမြို့ရှိ ဂိုဒေါင်တခုမှာ သိမ်းဆည်းထားတဲ့ မြန်မာနိုင်ငံသို့တင်ပို့မယ့် ထိုင်းဘတ်ငွေသန်းပေါင်းများစွာတန်ဖိုးရှိ ကုန်ပစ္စည်းတွေကို အခွန်တိမ်းရှောင်တယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေကဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
အဲဒီရနောင်းခရိုင်၊ ခေါင်နီဝစ်မြို့နယ်၊ ရပ်ကွက် (၁) ရှိ ဂိုဒေါင်တခုကို စက်တင်ဘာလ ၂၃ ရက်နေ့က သတင်းအရသွားရောက်စစ်ဆေးခဲ့ပါတယ်။
အဲဒီလိုစစ်ဆေးရာမှာ လျှပ်စစ်ပစ္စည်းတွေ၊စက်ပစ္စည်းတွေနဲ့ကုန်ပစ္စည်းအများအပြားကို အမှတ် (၄) စစ်နယ်မြေစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ အကောက်ခွန်ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်သိမ်းဆည်းခဲ့ကြတာပါ။
အဲဒီဂိုဒေါင်ကို မြန်မာနိုင်ငံသား သန်းကိုဦးဆိုသူက ရနောင်းမြို့နေရာရှစ်ရဲ့နေအိမ်ကို ငှားရမ်းထားတာဖြစ်ပြီး လက်ရှိမှာ သွင်းကုန်/ထုတ်ကုန်ဆိုင်ရာ အေဂျင်စီတွေကိုလည်း ထိုင်းဘက်က ဆက်လက်စစ်ဆေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီအပြင် အမှတ် (၄) စစ်နယ်မြေကွပ်ကဲမှုဌာနအနေနဲ့ တရားမဝင်မှောင်ခိုပစ္စည်းတွေဝင်ထွက်မှု အခြေအနေကို စောင့်ကြည့်နေစဉ် ပြည်သူလူထုရဲ့ သတင်းပေးတိုင်ကြားချက်အရ ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့တာလို့ ထိုင်းတာဝန်ရှိသူတွေကဆိုပါတယ်။












