Border News Agency
ကျိုက်ထို၊ စက်တင်ဘာလ ၂၉။
မွန်ပြည်၊ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ကလေးတဦးအပါအဝင် နှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ စက်တင်ဘာလ ၂၉ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ကျိုက်ထိုမြို့နယ်၊ဇီးပြောင်း (၄)ကျေးရွာ၊ ကညင်အိုင်ကျေးရွာအနီးကို စက်တင်ဘာလ ၂၂ ရက်နေ့က အာဏာသိမ်းစစ်တပ်ရဲ့အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်လက်အောက်ရှိခမရ-၂၀၇ နဲ့ အမတ-၃၁၀ တပ်ရင်းတို့မှ ၁၂၀ မမ လက်နက်ကြီးဆယ့်နှစ်လုံးနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ရော်ဘာခြံအနီးကျရောက်ပေါက်ကွဲခဲ့ပြီး ရော်ဘာခြံမှာလာရောက်လုပ်ကိုင်နေတဲ့ ဧရာဝတီတိုင်းနေအသက်သုံးဆယ်ငါးနှစ်အရွယ် ဦးသန်းစိုးသေဆုံးခဲ့ကာ ဖဒိုပလောရွာနေ အသက်ငါးဆယ်နှစ်နှစ်အရွယ် ကရင်ကြီးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
ကျိုက်ထိုမြို့နယ်၊ရှမ်းစုရွာကို စက်တင်ဘာလ၂၄ ရက်နေ့ကလည်း စစ်တပ်အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်မှ ၁၂၀ မမလက်နက်ကြီးတလုံးပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှမ်းစုရွာနေ အသက်ကိုးနှစ်အရွယ်မောင်ကုလားဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း လူနေအိမ်နှစ်လုံးလည်းထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာဆီယံဘုံသဘောတူညီချက်ကိုလိုက်နာဆောင်ရွက်တာမရှိပဲ နိုင်ငံတ၀ှမ်းရှိအပြစ်မဲ့အရပ်သားပြည်သူတွေကို လေယာဉ်၊ ဒရုန်း၊လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်တာတွေလုပ်ဆောင်နေပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ စစ်ရာဇ၀တ်မှုတွေကိုနေ့စဉ်နဲ့အမျှ ကျူးလွန်နေတာလို့ဆိုပါတယ်။














