Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၃၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ကို စက်တင်ဘာလ ၃၀ ရက်၊ ဒီနေ့ ည ၉ နာရီအချိန်က အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
ဧလာလေတပ်ကနေတက်လာတဲ့ Yak-130 အမျိုးအစား တိုက်လေယာဉ်တစီးဟာ ဒီနေ့ ည ၉ နာရီအချိန်ခန့် မြောက်ဦးမြို့အထက်ကနေအရှေ့ဘက်အရပ်ကိုဖြတ်သန်းပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
“ပထမတော့ လေယာဥ်ဝဲတယ်။ နောက်ငါးမိနစ်လောက်နေတာနဲ့ ဗုံးချသံကြားလိုက်တယ် အကျယ်ကြီး။ အတိအကျတော့မသိရသေးဘူး ဘယ်နားကျလဲဆိုတာ”လို့ မြောက်ဦးမြို့ခံတဦးက Border News Agency ကိုပြောပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ အိန္ဒိယဈေးကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ငါးဆယ်ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။
ဒါကြောင့် မြောက်ဦးမြို့နဲ့အနီးဝန်းကျင်က ဒေသခံပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို အထူးသတိပြုပြီး ဘေးလွတ်ရာမှာ သတိထားနေထိုင်ကြဖို့ နှိုးဆော်ထားကြပါတယ်။









