Border News Agency
ပုဏ္ဏားကျွန်း၊ စက်တင်ဘာ ၃၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စက်တင်ဘာလ ၃၀ ရက်နေ့၊ ည ၉ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေကဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်မှာ အာရက္ခတပ်တော်နဲ့ အာဏာသိမ်းစစ်တပ်ကြားတိုက်ပွဲတွေ ပြင်းထန်နေတာမို့ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ကူတွေပေးနေတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေကဆိုကြပါတယ်။
“ပုဏ္ဏားကျွန်းနယ်ကို လေယာဥ်ကနှစ်ခေါက်ချခဲ့ပါတယ်။ ကွမ်းတောင်ဖက်၊ကျောက်ဆိပ်ဖက်ကကြားပါတယ်။ နေရာအတိအကျတော့ ပြောရခက်ပါတယ်။”လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို စက်တင်ဘာလ ၃၀ ရက်နေ့၊မနက်ကစတင်ပြီး အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေပစ်ခတ်နေတာဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့ညထိ လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊တန်ဘက်လှန်းရွာကို စက်တင်ဘာလ ၃၀ ရက်နေ့၊ မနက် ၆ နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပါတယ်။
အဲဒီတန်ဘက်လှန်းကျေးရွာအပါအဝင်ကျေးရွာတချို့ဟာ စစ်ဘေးရှောင်သွားကြပေမယ့် အာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ်တာတွေ၊လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏလုပ်နေပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်တွေ လာရောက်ပစ်ခတ်နေတာမို့ အရပ်သားပြည်သူတွေ စိုးရိမ်နေကြရတယ်လို့ ဆိုကြပါတယ်။
“လေယာဥ်တွေလာနေကြပါတယ်။ အကုန်လုံးဗုံးတွင်းထဲကို ဝင်ပြေးနေကြရပါတယ်။”လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေပေမယ့် အာရက္ခတပ်တော်က အပြင်းအထန်ခုခံနေတာမို့ အာဏာသိမ်းစစ်တပ်ဟာ ရှေ့မတိုးနိုင်ဖြစ်နေပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်က တန်ပြန်ထိုးစစ်ဆင်နေတာမို့ စစ်တွေမြို့နယ်အစပ်ကို အာဏာသိမ်းစစ်တပ်က အပြင်းအထန်ခုခံနေရပြီး ကြည်း၊ရေ၊လေပူးပေါင်းပစ်ခတ်ခုခံနေရပါတယ်။
အဲဒါကြောင့် ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ပေါက်တော၊ကျောက်တော်၊မြောက်ဦးစတဲ့မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေမကြာခဏလုပ်နေပါတယ်။










