Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ မူဆလင်တွေအပါအဝင် အရပ်သားငါးဆယ်ဦးသေဆုံးခဲ့ရတဲ့ဖြစ်စဉ်အပေါ် နိုင်ငံတကာကအရေးယူပေးဖို့ ကျောက်တော်မြို့နယ် မူဆလင်ရေးရာညှိနှိုင်းရေးကော်မတီက တောင်းဆိုလိုက်ပါတယ်။
ပြည်သူတွေ သွားလာကူးသန်းရောင်းဝယ်နေတဲ့ ကျောက်တော်မြို့မဈေးနဲ့ တံတားအနီးကို စက်တင်ဘာလ ၂၈ ရက်နေ့ကအာဏာသိမ်းစစ်တပ်ကပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် နို့စို့အရွယ်ကလေးသူငယ်တွေ၊ကိုယ်ဝန်ဆောင်မိခင်တွေ အပါအဝင် အပြစ်မဲ့ပြည်သူငါးဆယ်ဦးသေဆုံးခဲ့ပြီး ခြောက်ဆယ်ကျော်ဒဏ်ရာရရှိခဲ့သလို အများအပြားလည်းပျောက်ဆုံးနေတယ်လို့ဆိုပါတယ်။
စစ်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေစုဝေးရာနေရာတွေ၊ ကျေးရွာတွေ၊ စာသင်ကျောင်းတွေနဲ့ သာသနိက အဆောက်အအုံတွေကို ဒရုန်း၊တိုက်လေယာဉ်တွေသုံးပြီး ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားနေတာကြောင့် ပြည်သူတွေ အစုလိုက်အပြုံလိုက်သေကြေပျက်စီးနေရတာဖြစ်ပါတယ်။
ဒါကြောင့် အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ကိုထိရောက်စွာ အရေးယူပေးဖို့နဲ့ နောက်ထပ်မကျူးလွန်နိုင်အောင် အရှိန်အဟုန်မြှင့်ဖိအားပေး အရေးယူပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို မူဆလင်ရေးရာ ညှိနှိုင်းရေးကော်မတီက တိုက်တွန်းတောင်းဆိုထားပါတယ်။










