Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ် အိန္ဒိယဈေးအနီးကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ မျက်မြင်တွေ့ရှိသူတွေနဲ့ အကျိုးအကြောင်းသိရှိထားသူတွေအနေနဲ့ သတင်းအချက်အလက်တွေ မျှဝေပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က တောင်းဆိုလိုက်ပါတယ်။
ကျောက်တော်မြို့ အိန္ဒိယဈေးအနီးကို စင်တင်ဘာလ ၂၈ ရက်နေ့က အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူငါးဆယ်ဦးထက်မနည်း သေဆုံးခဲ့ရတာဖြစ်ပါတယ်။
IIMM အနေနဲ့ အဲဒီတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ၊ ဈေးနဲ့အနီးဝန်းကျင် ပျက်စီးမှုတွေ၊ အသုံးပြုခဲ့တဲ့ လေယာဉ်နဲ့လက်နက်အကြွင်းအကျန် အချက်အလက်တွေကို တောင်းဆိုထားပါတယ်။
အဲဒီအပြင် အမိန့်ပေးသူတွေနဲ့ ပါဝင်ပတ်သက်သူ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တွေရဲ့ အချက်အလက်တွေကိုလည်း ပေးပို့ပေးဖို့ IIMM က တောင်းဆိုထားတာဖြစ်ပါတယ်။
သတင်းအချက်အလက်ပေးပို့လိုသူတွေအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေးကို အဓိကဦးစားပေးပြီး စိတ်ချရတဲ့အခြေအနေမှသာ Proton Mail ကတဆင့် contact@myanmar-mechanism.org သို့လည်းကောင်း၊ Signal ကတဆင့် +41 76 691 12 08 သို့လည်းကောင်း လုံခြုံစွာဆက်သွယ်ပေးပို့နိုင်တယ်လို့ သတိပေးထားပါတယ်။









