Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၂။
ကျောက်တော်မြို့ရှိအရပ်သားပြည်သူတွေအပေါ် အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF) က တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အောက်တိုဘာလ ၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့က ကျောက်တော်မြို့ရှိ ပြည်သူတွေသွားလာလှုပ်ရှားနေတဲ့အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတား အနီးဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် အပြစ်မဲ့ပြည်သူငါးဆယ်ထက်မနည်းသေဆုံးပြီးခြောက်ဆယ်ခန့် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေပါဝင်ပြီး၊ အာဏာသိမ်းစစ်တပ်ရဲ့ ခုလိုစစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်အတွက် ထိခိုက်သေဆုံးသူတွေနဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရကြောင်း CNF က ဆိုထားပါတယ်။
အဲဒီအပြင် ချင်းအမျိုးသားတပ်ဦးအနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ ပြည်သူ့တော်လှန်ရေးအောင်မြင်ရေးအတွက် ဘုံရည်မှန်းချက်တူတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်းဆိုပါတယ်။







