Border News Agency
တောင်ကုတ်၊ အောက်တိုဘာ ၆။
အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့ကို အာဏာသိမ်းစစ်တပ်လေယာဉ်အုပ်စုလိုက်တိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီတောင်ကုတ်မြို့အနီး စကခ ၅ ဟောင်းနဲ့တပ်ရင်းဟောင်းနေရာကို အောက်တိုဘာလ ၆ ရက်၊ဒီနေ့ မနက်ပိုင်းက အာဏာသိမ်းစစ်တပ်တိုက်လေယာဉ်အုပ်စုလိုက်သုံးပြီး လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စကခ ၅ တပ်မဌာနချုပ်၊ ခမရ ၃၄၆ တပ်ရင်းနဲ့ ခမရ ၅၄၄ တပ်ရင်းတို့ကိုဦးတည်ပြီး လေကြောင်းမှဗုံးအလုံးရေနှစ်ဆယ်ကျော်နဲ့တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားနှစ်ဦးနှလုံးအမောဖောက်ကာ သေဆုံးသွားခဲ့ပါတယ်။
အဲဒီတောင်ကုတ်မြို့ ဆိပ်ကမ်းသစ်ရပ်ကွက်မှ အသက်ငါးဆယ်နှစ်နှစ်အရွယ် ဦးဇော်ခင်ဦးနဲ့ ဆေးရိုးတန်းလမ်းမှ ဦးလှစိန်သေဆုံးသွားပြီး ဖုံညိုကျေးရွာမှ အသက်သုံးဆယ်တနှစ်အရွယ် ကိုမောင်ချမ်းသာပေါင်မှာ ဗုံးစထိမှန်ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင်ကျောက်တော်မြို့နယ်၊ချောင်းတူကျေးရွာအနောက်ဘက်တောင်တန်းတွေကို အောက်တိုဘာလ ၅ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတဦးဒဏ်ရာရသွားခဲ့ပါတယ်။
နောက်ပြီးအောက်တိုဘာလ ၄ ရက်နဲ့ ၅ ရက်နေ့ကလည်း ပုဏ္ဏားမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းနှစ်ခုကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားရှစ်ဦးသေဆုံးပြီး ဆယ့်တဦးဒဏ်ရာရသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ခုရက်ပိုင်းအတွင်းအာရက္ခတပ်တော်ထိန်းချုပ်ရာမြို့ရှိ ရပ်ကွက်၊ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာတွေနေ့စဉ်လုပ်ဆောင်လာနေပြီး ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကိုအထူးသတိထားကြဖို့ အာရက္ခတပ်တော်(AA)က ထပ်မံအသိပေးထားပါတယ်။







