Border News Agency
ရေစကြို၊ အောက်တိုဘာ ၁၇။
မကွေးတိုင်း၊ရေစကြိုမြို့နယ်၊သစ်ကြီးတောကျေးရွာမှာရှိတဲ့ စတားလင့်(Starlink ) အင်တာနက်ဆိုင်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် အရပ်သားဆယ့်ငါးဦးသေဆုံးခဲ့ပါတယ်။
အဲဒီအင်တာနက်အသုံးပြုနေတဲ့အနီးဝန်းကျင်ကို အောက်တိုဘာလ ၁၆ရက်၊နေ့လည် ၃နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်တွေ၊ရဟတ်ယာဉ်တွေအသုံးပြုပြီး လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုလေကြောင်းတိုက်ခိုက်မှုအတွင်း သစ်ကြီးတောရွာခံ အရပ်သားဆယ့်လေးဦးနဲ့ အနီးရှိ သစ်ကောက်ဆိပ်ကျေးရွာမှတဦး စုစုပေါင်းတဆယ့်ငါးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိနေပါတယ်။
အဲဒီဒဏ်ရသူတွေထဲမှာ ဒဏ်ရာပြင်းထန်တာမို့သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်ပါတယ်။
အခုလိုလေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်တပ်က ရေစကြိုမြို့နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။
ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိပြုနေထိုင်ကြဖို့ ဒေသတွင်းသတင်းရင်းမြစ်တွေက မေတ္တာရပ်ခံထားပါတယ်။














