Border News Agency
ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၉။
မလေးရှားနိုင်ငံကနေ တရားမဝင်လမ်းကြောင်းအတိုင်း မြန်မာနိုင်ငံကို အိမ်ပြန်ဖို့ကြိုးစားကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတဆယ်နဲ့ မြန်မာပွဲစားတဦးကို ကလန်တန်ပြည်နယ်၊ ကိုတာဘာရူးမြို့က ဟိုတယ်တခုမှာ မလေးရှား လဝကအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
အောက်တိုဘာလ ၁၇ ရက်၊မနက်ပိုင်းက Wakaf Che Yeh ရှိ ဟိုတယ်တခုကို ရောက်ပြီး နှစ်နာရီအကြာမှာပဲ ကလန်တန်ပြည်နယ် လဝကအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဂျိုဟိုးဘာရူးနဲ့ ကွာလာလမ်ပူမှာ အလုပ်လုပ်ခဲ့ကြတဲ့ အသက်နှစ်ဆယ် ကနေသုံးဆယ်လေးနှစ်ကြား အမျိုးသား ခြောက်ဦး၊ အမျိုးသမီး လေးဦးနဲ့ အသက်သုံးဆယ်ဝန်းကျင် မြန်မာပွဲစားတို့ ဖြစ်ကြပါတယ်။
သူတို့ဆီမှာ တရားဝင် ခရီးသွားအထောက်အထား မရှိကြဘဲ ပွဲစားဖြစ်သူက လူတဦးကို ရင်းဂစ်သုံးထောင်ငါးရာစီရယူပြီး မလေးရှားကနေ ခိုးမထုတ်ခင် ကလန်တန်ပြည်နယ်ကို ကြားခံနယ်မြေအဖြစ် အသုံးပြုခဲ့တာလို့ လဝက ဒုတိယညွှန်ကြားရေးမှူးချုပ် Datuk Lokman Effendi Ramli က ပြောပါတယ်။
စစ်ဆင်ရေးအတွင်း ပွဲစားဖြစ်သူ သုံးခဲ့တဲ့ Honda CR-V ကားတစီးနဲ့ အဝတ်အစားအိတ်တွေကိုပါ သိမ်းဆည်းမိခဲ့ပြီး လဝက အက်ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။






