Border News Agency
နေပြည်တော်၊ အောက်တိုဘာလ ၂၆။
ရခိုင်ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသွားသူတွေကို ပြန်လက်ခံရေးစိစစ်နေပြီး ရိုဟင်ဂျာဦးရေသုံးသိန်းသုံးသောင်းကျော်ရှိနေပြီလို့ အာဏာ သိမ်းစစ်တပ်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၆ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဘင်္ဂလားဒေ့ရှ်မှ စက်တင်ဘာလ ၃၀ ရက်ထိပို့လာတဲ့ လူဦးရေရှစ်သိန်းကျော်ထဲက လေးသိန်းခွဲနီးပါးကို စိစစ်ပြီးစီးခဲ့ရာ ရခိုင်မှာနေထိုင်ခဲ့ဖူးသူ သုံးသိန်းနှစ်သောင်းခြောက်ထောင်သုံးရာခုနှစ်ဆယ်ခြောက်ဦးနဲ့ အကြမ်းဖက်တွေမှာပါဝင်ခဲ့သူ လေးထောင်နှစ်ရာငါးဆယ်လေးဦးရှိပြီး စိစစ်အတည်မပြုနိုင်သေးသူ တသိန်းတသောင်းရှစ်ထောင်ငါးရာခြောက်ဆယ်သုံးဦးရှိနေတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ကပို့တဲ့ ရိုဟင်ဂျာရှစ်သိန်းကျော်ထဲမှ လူဦးရေသုံးသိန်းရှစ်သောင်းကို မြန်မာနိုင်ငံမှာနေထိုင်ခဲ့သူ ဟုတ်မဟုတ် ဆက်စိစစ်နေတယ်လို့ဆိုပါတယ်။
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကြား နေရပ်စွန့်ခွာသူတွေပြန်လက်ခံရေး ကတိကဝတ်ပြုထားပေမယ့် ရခိုင်မှာ တည်ငြိမ်လုံခြုံမှုပြန်လည်ရရှိမှသာ နေရပ်စွန့်ခွာသူတွေကို ပြန်လက်ခံမသွားမယ်လို့ အာဏာသိမ်းစစ်တပ်ကဆိုပါတယ်။
အာရက္ခတပ်တော် (AA)ဟာ ဘူးသီးတောင် – မောင်တောအပါအဝင်ဆယ့်လေးမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားသလို စစ်တပ်ထိန်းချုပ်ထားတဲ့စစ်တွေနဲ့ ကျောက်ဖြူမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီး ရိုဟင်ဂျာတွေကို စစ်မှုထမ်းစုဆောင်းပေါင်းတိုက်ခိုက်ခိုင်းနေတယ်လို့ အာရက္ခတပ်တော်ကဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ၈၁ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီ အစည်းအဝေးသို့တင်သွင်းမယ့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာပါအချက်တွေကို တုံ့ပြန်ရာမှာ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေစိစစ်မှုအခြေအနေကို ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပြီး “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းကိုအသိအမှတ်မပြုကြောင်းနဲ့ ဘင်္ဂါလီလို့သာ ဖော်ပြထားတာပါ။





