Border News Agency
ကျောက်တော်၊ နိုဝင်ဘာ ၂။
အာရက္ခဒေသရှိ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနဲ့ ဝီရဌာနီ မြို့နယ် လေးခုကို နိုဝင်ဘာလ ၁ ရက်တည်းမှာတင် အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မွေးကင်းစကလေးငယ်တဦး အပါအဝင်ဆယ့်နှစ်ဦးသေဆုံးပြီး သုံးဆယ့်နှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့အာရက္ခတပ်တော် (AA) ကထုတ်ပြန်ပါတယ်။
အဲဒီကျောက်တော်မြို့နယ်၊ဝါးတောင်ကျေးရွာနဲ့ပန်းဖဲချောင်းကျေးရွာကြားရှိ ယိုးချောင်းတံတားကို ညနေ ၅ နာရီခွဲအချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ လမ်းသွားလမ်းလာ ခရီးသွားပြည်သူ ခုနှစ်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားခဲ့သလို တံတားနဲ့ ယာဉ်မော်တော်တွေပါ ပျက်စီးသွားခဲ့တာပါ။
အဲဒီအပြင်မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက် ငွေတောင်ပေါက်အနီးရှိ ယာယီဆေးကုခန်းနဲ့ သားဖွားဆောင်တို့ကို တိုက်လေယာဉ်နှစ်စီးနဲ့ Cluster ဗုံး လေးလုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း မွေးကင်းစကလေးငယ် တဦး အပါအဝင်ငါးဦး သေဆုံးခဲ့ရပြီး ဆေးဝန်ထမ်းတွေအပါအဝင် ကိုးဦးဒဏ်ရာရရှိခဲ့တဲ့အပြင် ဆေးခန်းအဆောင်တွေနဲ့လူနေအိမ်အချို့ ပျက်စီးခဲ့ရပါတယ်။
အဲဒီအပြင်ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာကိုလည်း အာဏာသိမ်းစစ်တပ်တိုက်လေယာဉ် နှစ်စီးနဲ့တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တဆယ့်တဦးဒဏ်ရာရသွားခဲ့ပါတယ်။
နောက်ပြီး ညနေ ၄ နာရီအချိန်ကလည်း ဝီရဌာနီမြို့ပေါ်နဲ့ ရွာချောင်းကြီးကျေးရွာတို့ကို Y-12 စစ်ထောက်ပို့ လေယာဉ်နဲ့လေကြောင်းတိုက်ခိုက်လို့ ငါးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တရက်တည်းမှာတင် အများပြည်သူဆိုင်ရာ ဆေးရုံ၊ လမ်းတံတားတွေနဲ့ လူနေရပ်ကွက်တွေကို ရွယ်ရည်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အာရက္ခတပ်တော်က ဆိုပါတယ်။






















