Border News Agency
ကောလင်း၊ နိုဝင်ဘာ ၆။
စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ကောလင်းမြို့နယ် အရှေ့ဘက်ရှောဖြူကုန်းကျေးရွာရှိ ပြည်သူ့ဆေးရုံကို အာဏာသိမ်းစစ်တပ်က လေကြာင်းတိုက်ခိုက်လို့မြို့နယ်ကျန်းမာရေးမှူး အပါအဝင် နှစ်ဦး သေဆုံးပြီး ကျန်းမာရေးဝန်ထမ်းငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို နိုဝင်ဘာလ ၄ ရက်နေ့ ညပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ပြုလုပ်ခဲ့တာဖြစ်ပြီး NUG ကျန်းမာရေးဝန်ကြီးဌာန၊ကောလင်းမြို့နယ် ကျန်းမာရေးဌာနမှူး အသက်သုံးဆယ်ရှစ်နှစ်အရွယ်CDM ဒေါက်တာ ဇာနည်ထွန်းနဲ့ ဆေးတက္ကသိုလ်တက်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့အသက်ဆယ့်ကိုးနှစ်အရွယ် ကျန်းမာရေးဝန်ထမ်း မောင်ထက်သူအောင်တို့ သေဆုံးခဲ့ရတာပါ။
အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၁ ခုနှစ်မှစလို့ ဂျိုင်ရိုကော့ပတာ၊ ပာာရာမိုတာ၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးတွေနဲ့ ပြည်သူ့ဆေးရုံ ဆေးခန်းတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဖျက်ဆီးနေတာဖြစ်ပြီး ခုတိုက်ခိုက်မှုအပေါ် ကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
Insecurity Insight ရဲ့ ဒေတာတွေအရ အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလထိ ကျန်းမာရေးကဏ္ဍကို တိုက်ခိုက်မှု တထောင့်ကိုးရာခုနှစ်ဆယ်ခုနှစ်ကြိမ် ကျူးလွန်ခဲ့ရာ ဆေးရုံ၊ ဆေးခန်း ငါးရာနှစ်ဆယ့်တခု ပျက်စီးခဲ့ပြီး ကျန်းမာရေးဝန်ထမ်း တရာ့ခြောက်ဦး သေဆုံးကာ ကိုးရာကိုးဆယ်ငါးဦး ဖမ်းဆီးခံခဲ့ရပါတယ်။
စစ်တပ်ရဲ့ ဆေးရုံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှုဟာ ဂျီနီဗာကွန်ဗင်းရှင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်တာကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မျက်ကွယ်မပြုဘဲ ထိရောက်စွာ တားဆီးအရေးယူပေးဖို့တိုက်တွန်းထားပါတယ်။









