Border News Agency
ကျိုက်ထို၊ နိုဝင်ဘာ ၂၈။
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်နဲ့ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှ ဒေသခံတွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး အင်အား တထောင့်ခြောက်ရာနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်က လေးဆယ့်နှစ်ဦး သေဆုံးခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနက နိုဝင်ဘာလ ၂၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ရွှေကျင်မြို့နယ်က ကျေးရွာတွေမှာ စက်တင်ဘာလ ၃ ရက်ကနေ ၂၁ ရက်ထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနှစ်ဆယ့်ခုနှစ်ကြိမ်အတွင်း KNLA၊ PDF နဲ့ ဒေသအခြေပြု တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ်ဘက်က ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာထက် အပါအဝင် လေးဆယ့်နှစ်ဦးသေဆုံးပြီး နှစ်ဦးအရှင်ဖမ်းမိကာ တရာ့ရှစ်ဦးဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
အဲဒီစစ်ဆင်ရေးကာလအတွင်း အာဏာသိမ်းစစ်တပ်ဆီမှ Double Cup ကား တစီးနဲ့ လက်နက်မျိုးစုံ ခြောက်လက်သိမ်းဆည်းရမိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းမှဆုံးရှုံးသွားတဲ့ လက်နက် ဆယ့်တလက်ကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။
တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကိုလည်း အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆယ်ကြိမ်နဲ့ လက်နက်ကြီး ပစ်ခတ်မှု သုံးဆယ့်ငါးကြိမ် ပြုလုပ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးအပါအဝင် အမျိုးသမီး နှစ်ဦး၊ ကလေးငယ်တဦးနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေအပြင် စိတ်မနှံ့သူအမျိုးသမီးတဦးလည်း အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကြောင်းပြန်ဆုတ်ခွာစဉ် လမ်းတလျှောက်က ကျေးရွာ ဆယ်ရွာမှာ လူနေအိမ် တရာကိုးဆယ့်တလုံး၊ စာသင်ကျောင်း သုံးလုံး၊ ဆေးခန်း နှစ်ခုနဲ့ ကား၊ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ခိုးယူသွားခဲ့တယ်လို့လည်းပါတယ်။














