Border News Agency
ဆင်ပေါင်ဝဲ၊ နိုဝင်ဘာ ၂၈။
မကွေးတိုင်း၊ဆင်ပေါင်ဝဲမြို့နယ်၊အင်းယုံကျေးရွာ စာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ်ကလေးငယ်တွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ အပါအဝင် လူလေးဆယ့်ငါးဦးကျော် သေဆုံးခဲ့ပါတယ်။
အင်းယုံကျေးရွာစာသင်ကျောင်းကို နိုဝင်ဘာလ ၂၆ ရက်၊ညနေ ၃ နာရီအချိန်ခန့်မှာ စာသင်ကျောင်းအတွင်းကျောင်းသား၊ ကျောင်းသူတွေ အကလေ့ကျင့်နေစဉ် အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဆရာ၊ ဆရာမ ခုနှစ်ဦး၊ ကျောင်းသား၊ ကျောင်းသူ သုံးဆယ်ကျော်၊ လသားအရွယ် ကလေးငယ်တွေ၊ ကိုရင်ငယ် တပါးနဲ့ သရက်ခရိုင် အမှတ် ၅ တပ်ရင်းမှ တပ်ဖွဲ့ဝင် ရှစ်ဦးတို့ သေဆုံးခဲ့သလို အရပ်သားတွေ အပါအဝင် ထိခိုက်သေဆုံးသူ စုစုပေါင်း တရာကျော်အထိ ရှိနေတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေဆက်တိုက်ပစ်ခတ်နေပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေနဲ့ လမ်းပန်းဆက်သွယ်ရေးတွေကိုပါ ဖြတ်တောက်ပိတ်ဆို့ထားတာကြောင့် ဒဏ်ရာရသူတွေ ဆေးကုသခွင့် မရဘဲ သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။












