Border News Agency
ဟနွိုင်း၊ နိုဝင်ဘာ ၂၈။
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နဲ့ နိုဝင်ဘာလ ၂၈ ရက်၊ ဒီနေ့ မနက်ပိုင်းမှာ တွေ့ဆုံစဉ် အာဆီယံမှာ ခွဲခြားဆက်ဆံခံရမှုကို နိုင်ငံရေးဂုဏ်သိက္ခာအရ လက်ခံနိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
အဲဒီအပြင် အာဆီယံပဋိညာဉ်နဲ့အညီ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို အာဆီယံဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေးကိုလည်း အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ၂၀၂၇ ခုနှစ်မှာ ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးစီစဉ်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဆိုပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကတော့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို မြန်မာ့ကိုယ်ပိုင်နည်းလမ်းနဲ့ ဖြေရှင်းရမှာဖြစ်ပြီး အာဆီယံအနေနဲ့ ပံ့ပိုးကူညီပေးတဲ့ အခန်းကဏ္ဍကသာ ပါဝင်သင့်ကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံမှာ အပြည့်အဝ ပြန်လည်ပါဝင်လာနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲအတွင်း အာဆီယံဆိုင်ရာကိစ္စရပ်တွေအပြင် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေ ပူးပေါင်းတိုက်ဖျက်ရေး ကိစ္စရပ်တွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။







