Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၂၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ် အပါအဝင် နိုင်ငံတဝှမ်းရှိ အရပ်သားပြည်သူတွေအပေါ် အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ တရာကျော် သေဆုံးဒဏ်ရာရခဲ့တဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က နိုဝင်ဘာလ ၂၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အာရက္ခပြည်၊မြောက်ဦးမြို့နယ်၊ကရင်နီပြည် မိုးဗြဲမြို့နယ်၊ကချင်ပြည်၊ လိုင်ဇာမြို့နဲ့ မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အသက်ဆုံးရှုံးဒဏ်ရာရခဲ့သလို အရပ်ဘက်အဆောက်အအုံတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။
အရပ်သားပြည်သူတွေရဲ့ အသက်ရှင်သန်ခွင့်နဲ့ လုံခြုံစွာနေထိုင်ပိုင်ခွင့်ဟာ ဘယ်လိုနိုင်ငံရေးအာဏာနဲ့ စစ်ရေးရည်မှန်းချက်ထက်မဆို ဦးစားပေးကာကွယ်ရမယ့် အခြေခံအခွင့်အရေးဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိစေဖို့ ဆောင်ရွက်ရမယ်လို့ဆိုပါတယ်။
စစ်မှန်တဲ့ လူမှုလွတ်မြောက်ရေးဟာ စစ်အာဏာရှင်စနစ်ကို အစားထိုးရုံနဲ့ မပြီးမြောက်နိုင်ဘဲ တန်းတူညီမျှမှု၊ လူမှုတရားမျှတမှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် တည်ဆောက်နိုင်ရေးနဲ့ ပြည်သူတွေရဲ့ လူ့ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်နိုင်ရေးက အရေးကြီးတယ်လို့ ထောက်ပြထားပါတယ်။
အဲဒါကြောင့် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြေကွဲရပြီး ကျန်ရစ်သူမိသားစုတွေ၊ ထိခိုက်နစ်နာခဲ့ရတဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်တယ်လို့လည်းပါတယ်။







