Border News Agency
နေပြည်တော်၊ ဇူလိုင် ၃၀
မြန်မာနိုင်ငံမှာ အမြင့်ဆုံးထောင်ဒဏ်တသက်အထိချမှတ်နိုင်တဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေသစ်တရပ်ကို စစ်ကောင်စီက ဇူလိုင်လ ၂၉ ရက်၊ မနေ့ကပြဌာန်းလိုက်ပါတယ်။
အဲဒီဥပဒေကို “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကိုနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” လို့ အမည်ပေးထားပြီး ပုဒ်မပေါင်း ၃၂ ခုပါဝင်ပါတယ်။
ဒီဥပဒေဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်၊ မဲဆွယ်စည်းရုံးမှု၊ လွတ်လပ်စွာမဲပေးမှုနဲ့ မဲရုံတာဝန်ကျသူတွေကို တားဆီးနှောင့်ယှက်မှုကနေကာကွယ်ဖို့ ပြဌာန်းတာလို့ဆိုပါတယ်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ပျက်ပြားစေဖို့ ဟောပြောတာ၊ ပြောဆိုတာ၊ စည်းရုံးတာ၊ လှုံ့ဆော်တာ၊ ဆန္ဒပြတာ ဒါမှမဟုတ် စာရေးသားဖြန့်ချိီတာတွေကို မလုပ်ဖို့တားမြစ်ထားပါတယ်။
ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ခ)မှာ မဲဆန္ဒရှင်၊ မဲရုံမှူးနဲ့ အဖွဲ့ဝင်၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို လူစုလူဝေးနဲ့အပြင်းအထန်နာကျင်စေအောင်လုပ်ရင် အမြင့်ဆုံးထောင်ဒဏ် တသက်အထိချမှတ်ရမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သားအစိုးရကိုဖြုတ်ချကာ အာဏာသိမ်းလိုက်ပြီးနောက်ခြောက်လစီရှိတဲ့ အရေးပေါ်ကာလသက်တမ်းကို ခုနှစ်ကြိမ်တိုးမြင့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတိုးခဲ့တဲ့ ခြောက်လသက်တမ်းကတော့ ဇူလိုင်လ ၃၁ ရက်မနက်ဖြန်မှာကုန်ဆုံးတော့မှာပါ။
ဒါပေမယ့် စစ်ကောင်စီက အခုနှစ်ကုန်မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားတာကြောင့် အရေးပေါ်ကာလကို နောက်ထပ်ခြောက်လ သက်တမ်းမတိုးနိုင်တော့ဘူး လို့လည်း လေ့လာသူအချို့က သုံးသပ်ကြပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဆန့်ကျင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အပါအဝင် ပြည်သူတွေအကြား ပြောဆိုနေကြချိန်မှာပဲ စစ်ကောင်စီရဲ့ ဥပဒေသစ်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။