Border News Agency
ကရင်ပြည်၊ ဩဂုတ် ၁၃။
မူးမြို့နယ်ကို စစ်ကောင်စီတပ်လေကြောင်းတိုက်လိုက်လို့ အရပ်သားတဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ သြဂုတ်လ ၁၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ မူးမြို့နယ်ကို ဩဂုတ်လ ၅ ရက်နေ့မှ ၁၀ ရက်နေ့ထိ လက်နက်ကြီးငါးဆယ်ငါးလုံး၊ ဒရုန်းဗုံး သုံးလုံးထိ တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူတဦးသေဆုံးခဲ့ရပြီးခြောက်ဦးဒဏ်ရာသွားသလို နေအိမ်သုံးအိမ်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ကညွတ်ကွင်းအခြေစိုက် ခမရ-၄၃၉ မှ သြဂုတ်လ ၇ရက်နေ့က ငတိုးခင်ကျေးရွာကို လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဦးအောင်ကိုလင်း၊ဒေါ်နန်းဘို၊ဦးအောင်သန်းဇော်တို့ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင်ရွှေဝါတပ်ရင်း ခမရ-၃၀၇ မှ သြဂုတ်လ ၈ ရက်နေ့ကအူပင်ကျေးရွာကိုလက်နက်ကြီးပစ်ခတ်တာကြောင့် အသက်နှစ်ဆယ်အရွယ် ကိုရဲလင်းသူသေဆုံးခဲ့ပြီး အသက်နှစ်ဆယ့်ခုနှစ်နှစ်အရွယ် ကိုဇေယျာမျိုးမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ဆိုပါတယ်။
နောက်ပြီး သံဘိုစခန်း ခမရ-၃၅၁ မှ သြဂုတ်လ ၁၀ ရက်နေ့က ထွနီကုန်းကျေးရွာကိုလက်နက်ကြီးပစ်ခတ်တာကြောင့် တမာခေါကျေးရွာမှအသက်လေးဆယ်လေးနှစ်အရွယ် နော်မူတေး၊နောင်ကုန်းကျေးရွာမှ အသက်နှစ်ဆယ်အရွယ် စောသားကြီးတို့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင်ထွနီကုန်းကျေးရွာမှစောနီဖိုး၊ စောဂျိုးကလေး၊ စောဗိုလ်တင်အောင်တို့ရဲ့နေအိမ်သုံးလုံး ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။