စစ်ရေး

​ကျန်းမာရေးမကောင်းသူတွေကို လာဘ်ပေးလာဘ်ယူလုပ်ကာ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေ

​Border News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၅။ ​စစ်မှုထမ်းဖို့ လူအင်အားမပြည့်မီတဲ့အတွက် ကျောက်ကပ်ဝေဒနာရှင်တွေအပါအဝင် ကျန်းမာရေးမကောင်းတဲ့လူငယ်တွေကိုပါ စစ်ကော်မရှင်တပ်က ဆရာဝန်တွေကိုလာဘ်ထိုးကာ အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတယ်လို့ သိရပါတယ်။ ​အာရက္ခတပ်တော် (AA) ဆီအလင်းဝင်လာတဲ့ တပ်သားနိုင်ခန့်ကျော်ရဲ့ ပြော​ပြချက်အရ သူဟာကျောက်ကပ်မှာကျောက်တည်နေတာမို့ ခွဲစိတ်ကုသထားရသူဖြစ်ပြီး လိုအပ်တဲ့ဆေးလက်မှတ်တွေ အပြည့်အစုံရှိပေမယ့်လည်း စစ်ကော်မရှင်ကအတင်းအဓမ္မ စစ်ထဲသွင်းခဲ့တယ်လို့ ဆိုပါတယ်။ ​"ကျွန်တော့်ကို ဆေးစစ်တဲ့အချိန်မှာ ကျောက်ကပ်ခွဲထားရတဲ့ ဆေးလက်မှတ်တွေအကုန်ပြပေမယ့် ဆေးစစ်တဲ့လူက ဆေးမအောင်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အရာရှိတွေကဆရာဝန်တွေနဲ့ လာဘ်ပေးလာဘ်ယူလုပ်ပြီး ကျွန်တော့်ကို အတင်းဆေးအောင်တယ်ဆိုပြီး လက်မှတ်ထုတ်ပေးခဲ့တာပါ။" လို့ ဆိုပါတယ်။  ​စစ်ကော်မရှင်တပ်ဟာ လစဉ်ပေးပို့ရမယ့် စစ်မှုထမ်းအင်အားမပြည့်မီတာမို့ ကျန်းမာရေးချို့တဲ့သူတွေကိုပါ မဖြစ်မနေ ထည့်သွင်းနေတာဖြစ်ပြီး သင်တန်းကာလအတွင်း နေမကောင်းဖြစ်တာတောင် "လိမ်နေတယ်" ဆိုပြီး ဆေးကုသခွင့်မပေးဘဲ အတင်းအဓမ္မလေ့ကျင့်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ​သူစစ်မှုထမ်းအပတ်စဉ် ၁၆ မှာ လူပေါင်း ၆၀၀ ကျော်ရှိပြီး အဲဒီအထဲမှာ ၉၀ ရာခိုင်နှုန်းခန့်ဟာ အတင်းအဓမ္မစုဆောင်းခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတပ်သားနိုင်ခန့်ကျော်ဟာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ဆောက်ကျေးရွာကဖြစ်ပြီး စစ်ကော်မရှင်ဆီ အတင်းအဓမ္မစစ်မှုထမ်းခိုင်းခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ကျောက်ကပ်ဝေဒနာခံစားနေရသူတဦးဖြစ်ပြီး မအီဆေးရုံကနေ ရန်ကုန်ကိုဆေးလာကုရင်း လမ်းမှာစစ်ကော်မရှင်တပ်ဖမ်းဆီးတာခံလိုက်ရတာလို့ ဆိုပါတယ်။

Read more

တန့်ဆည်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုရင်တပါးအပါအဝင် ခြောက်ဦးသေဆုံး

Border News Agency  စစ်ကိုင်း၊ ဖေဖော်ဝါရီ ၅ ။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မြောက်ခြမ်း သစ်စေးကုန်းကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုရင်ငယ်တပါးအပါအဝင်ခြောက်ဦး သေဆုံးသွားခဲ့ပါတယ်။ အဲဒီတန့်ဆည်မြို့နယ်၊ မြောက်ခြမ်းရှိ သစ်စေးကုန်းကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းကို ဖေဖော်ဝါရီလ ၅ ရက်၊ ဒီနေ့ မနက်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီလိုတိုက်ခိုက်လို့ ကိုရင်ငယ်တပါးအပါအဝင် အရပ်သားငါးဦးသေဆုံးသွားပြီး ဘုန်းတော်ကြီးကျောင်းလည်းပျက်စီးသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။  အဲဒီထဲအမျိုးသားတဦး၊ အမျိုးသမီးသုံးဦးသေဆုံးသွားတဲ့ ရုပ်အလောင်းတွေကိုတွေ့ရှိထားပြီး နောက်ထက်ကိုရင်ငယ်တပါးရဲ့ ရုပ်အလောင်းကို ရှာမတွေ့သေးဘူးလို့ ဆိုကြပါတယ်။ စစ်ကော်မရှင်တပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်နယ်မြေတွေက ဒေသခံပြည်သူတွေကို ရွယ်ရည်ချက်ရှိရှိ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေသေဆုံး၊ ဒဏ်ရာရနေကြပါတယ်။

Read more

ကချင်တော်လှန်ရေးနေ့သို့ အာရက္ခတပ်တော် (AA) အပါအဝင် ညီနောင်မဟာမိတ်တွေသဝဏ်လွှာပေးပို့

​Border News Agency ကချင်ပြည်၊ ဖေဖော်ဝါရီ ၅။ ​ကချင်ပြည်နယ်မှာ ဒီနေ့ကျရောက်တဲ့ ၆၅ နှစ်မြောက်ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ အာရက္ခတပ်တော် (ULA/AA) အပါအဝင်ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ PSLF / TNLA နဲ့ MNTJP / MNDAA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။ အဲဒီသဝဏ်လွှာမှာ အာရက္ခတပ်တော်အပါအဝင် မဟာမိတ်အဖွဲ့တွေက အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ အမျိုးသားရေးဆိုင်ရာနစ်နာချက်တွေကို ပြန်လည်ရရှိဖို့အတွက် လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်လာခဲ့တာဟာ  နှစ်ပေါင်းကြာရှည်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ ​အဲဒီတော်လှန်ရေးကာလ ၆၅ နှစ်အတွင်းမှာ အသက်၊ ခန္ဓာနဲ့ ဘဝပေါင်းများစွာပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ ကချင့်ဇာနည် သူရဲကောင်းအပေါင်းကို အာရက္ခတပ်တော်နဲ့ မဟာမိတ်အဖွဲ့တွေက လေးလေးနက်နက်ဦးညွှတ်အလေးပြုတယ်လို့လည်း ဆိုပါတယ်။ ​အဲဒီအပြင် ကချင်လွတ်လပ်ရေးအဖွဲ့ / ကချင်လွတ်လပ်ရေးတပ်မတော် (KIO / KIA) ဟာ မြန်မာ့တော်လှန်ရေး အဖွဲ့အစည်းတွေထဲမှာ စံနမူနာပြတော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေတဲ့အဖွဲ့အစည်းဖြစ်ပြီး ကချင်တော်လှန်ရေး ရည်မှန်းချက်တွေ အမြန်ဆုံးအောင်မြင်ပြီးဆုံးဖို့အတွက်လည်း ဆုတောင်းပေးထားပါတယ်။ ​နောက်ပြီး မျှော်မှန်းထားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ ကချင်ပြည်သူတွေလိုလားတောင်းတနေတဲ့ ရည်မှန်းချက်တွေ အမြန်ဆုံးပြည့်ဝပါစေဆိုပြီး အာရက္ခတပ်တော်က ညီနောင်မဟာမိတ်တွေနဲ့အတူ ဆန္ဒပြုထားပါတယ်။

Read more

အရာတော်မှာလေကြောင်း၊ မိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးပြုလုပ်

Border News Agency  စစ်ကိုင်း၊ ဖေဖော်ဝါရီ ၅။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ကျောင်းသားတွေနဲ့ပြည်သူတွေကို လေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရာယ် ကာကွယ်ရေး အသိပညာပေးသရုပ်ပြပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလှုပ်ရှားမှုကို အရာတော်မြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂတွေနဲ့ ဒေသရှိလက်နက်ကိုင်တော်လှန်ရေအင်အားစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဟောပြောပွဲမှာ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီဒီယိုတွေပြသတာ၊ ကာကွယ်ရေးနည်းလမ်းတွေကို လက်တွေ့သရုပ်ပြဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအပြင် ဗုံးခိုကျင်းတည်ဆောက်ပုံလမ်းညွှန်နဲ့ အသိပညာပေးလက်ကမ်းစာစောင်၂၀၀ ကို ပြည်သူတွေဆီဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။

Read more

ပြည်သူ့စစ်လူငယ်တွေကို ရှေ့တန်းတွေမှာ လူသားဒိုင်းအဖြစ်အသုံးချနေ

​Border News Agency အမ်း၊ ဖေဖော်ဝါရီ ၅။ ​စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မစုဆောင်းခံထားရတဲ့ ပြည်သူ့စစ်လူငယ်တွေကို ရှေ့တန်းစစ်မျက်နှာမှာ လူသားဒိုင်းအဖြစ်အသုံးချသွားမယ်လို့ စစ်ကော်မရှင်တပ်အရာရှိတွေက တပ်တွင်းမှာပွင့်လင်းစွာ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ သိရပါတယ်။ ​အာရက္ခတပ်တော် (AA) ဆီ အလင်းဝင်လာတဲ့တပ်သားနိုင်ခန့်ကျော်ရဲ့ ပြောကြားချက်အရ စစ်ကော်မရှင်တပ်အရာရှိတွေဟာ "မင်းတို့ပစနှစ်ဆယ့်ခြောက်ယောက်သေရင်တောင်ငါတို့ဘက်က တပ်သားတစ်ယောက်နဲ့မလဲနိုင်ဘူး၊ မင်းတို့ ပစတွေက နောက်ထပ်အပတ်စဉ်တွေ အများကြီးရှိသေးတယ်၊ ကြိုက်သလောက်သေ။" ဆိုပြီး တပ်တွင်းမှာခွဲခြားဆက်ဆံ ပြောဆိုနေတာ ဖြစ်ပါတယ်။ အဲဒီအပြင် တိုက်ပွဲတွေမှာစစ်မှုထမ်းလူငယ်တွေကိုသာ ရှေ့ဆုံးကတက်ခိုင်းမှာဖြစ်ကြောင်းနဲ့ အလုပ်ကြမ်းတွေကိုလည်း  စစ်ကော်မရှင်တပ်သားဟောင်းတွေကမလုပ်ဘဲ ပြည်သူ့စစ်လူငယ်တွေကိုသာ ဖိအားပေးခိုင်းစေနေတယ်လို့ ဆိုပါတယ်။ ​နောက်ပြီး သင်တန်းကာလအတွင်းမှာလည်း ထွက်ပြေးဖို့ကြိုးပမ်းသူတွေကို မတ်တပ်မရပ်နိုင်အောင် ရိုက်နှက်တာ၊ လက်ထိပ်ခတ်ပြီး သစ်ပင်မှာတနေကုန်ချည်နှောင်ထားတာမျိုးတွေ ပြုလုပ်ပြီး "ပြေးရဲရင် ပြေးကြည့်၊ ဒီထက်ပိုပြီး လုပ်ပြမယ်" လို့ တခြားလူငယ်တွေကိုပါ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် ရခိုင်လူမျိုးစစ်မှုထမ်းလူငယ်တွေကိုလည်း "မင်းတို့ရခိုင်တွေဆို ရှေ့တန်းမှာစီနီယာတွေရှိတယ်၊ တိုက်မှာလား" ဆိုပြီးအတင်းအဓမ္မမေးမြန်းကာ တိုက်ပွဲဝင်ဖို့ဝါဒဖြန့်ဖိအားပေးမှုတွေရှိနေတယ်လို့ ဆိုပါတယ်။ ​အဲဒီလို အရာရှိတွေရဲ့ ခွဲခြားဆက်ဆံမှုနဲ့ လူသားဒိုင်းအဖြစ်အသုံးချခံရမယ့် အခြေအနေတွေကြောင့် စစ်မှုထမ်းလူငယ်တွေဟာ ရှေ့တန်းမရောက်ခင်ကတည်းက စိတ်ဓာတ်ကျဆင်းနေကြပြီး အခွင့်အရေးရရင်ထွက်ပြေးဖို့အတွက်သာ အချင်းချင်းတီးတိုးဆွေးနွေးနေကြတယ်လို့ တပ်သားနိုင်ခန့်ကျော်က ဆိုပါတယ်။

Read more

​စစ်ကော်မရှင်တပ်ရင်းတွေမှာ WY စိတ်ကြွဆေးပြားတွေကိုအရာရှိတွေကိုယ်တိုင် ဖြန့်ဖြူးရောင်းချနေ

​Border News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၅။ ​စစ်ကော်မရှင်တပ်ရင်းတွေအတွင်းမှာ WY စိတ်ကြွရူးသွပ်ဆေးပြားတွေကို အရာရှိတွေကိုယ်တိုင် စစ်မှုထမ်းလူငယ်တွေကို ပြန်လည်ဖြန့်ဖြူးရောင်းချနေတယ်လို့ အာရက္ခတပ်တော် (AA) ဆီအလင်းဝင်လာတဲ့ တပ်သားနိုင်ခန့်ကျော်က ဆိုပါတယ်။ ​အဲဒီစစ်ကော်မရှင်တပ်ရဲ့ ခမရ ၅၇၄ မိခင်တပ်ရင်းမှာ မွမ်းမံသင်တန်းတက်ရောက်စဉ်အတွင်း တပ်ရင်းရှိအရာရှိကြီးတွေကိုယ်တိုင် မူးယစ်ဆေးဝါးသုံးစွဲနေကြသလို သင်တန်းသားတွေကိုလည်း ပြန်လည်ရောင်းချနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ​"ကျွန်တော်တို့ သင်တန်းသားတွေက အပြင်ထွက်လို့မရဘူး။ ဒီဆေးတွေက ဘယ်ကလာလဲဆိုတာစဉ်းစားစရာပဲ။ ညနေပိုင်းဆို အိမ်သာတွေမှာမူးယစ်ဆေးနံ့တွေ မတရားနံနေတယ်။" လို့ တပ်သားနိုင်ခန့်ကျော်က တပ်တွင်းအခြေအနေကို ပြောပြပါတယ်။ ​အဲဒီအပြင် မြေလတ်ဒရုန်းတပ်ဖွဲ့သို့ ရောက်ရှိချိန်မှာလည်း တပ်တွင်းရှိဗိုလ်ကြီးတွေက စစ်မှုထမ်း​ပြည်သူ့စစ်လူငယ်တွေကို WY ဆေးပြားတွေအတင်းအဓမ္မရောင်းချခဲ့ပြီး "ဒီဆေးကရှေ့တန်းစစ်မျက်နှာမှာ ကောင်းတယ်။ မဖြစ်မနေဆောင်ထားရမယ်ဆိုပြီး" တိုက်တွန်းပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ ​အဲဒီ မူးယစ်ဆေးဝါးတွေကို ပဒါန်းမြို့ကနေတပ်ကြပ်ကြီးတဦးက ဆိုင်ကယ်နဲ့လာရောက်ပို့ဆောင်ပေးတာဖြစ်ပြီး  မြေလတ်ရှိဗိုလ်ကြီးတွေကတစ်ဆင့် တပ်မ ၁၀၁ က အရာရှိတွေကိုပါ ပြန်ပြီးရောင်းချနေတာလို့ ဆိုပါတယ်။ အဲဒီတပ်ရင်းတွေအတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေဟာ အလွန်အမင်းကျယ်ပြန့်နေတာကြောင့် စစ်တပ်နဲ့မတူဘဲ မူးယစ်ဆေးဝါးအရောင်းအဝယ်စင်တာတခုလိုဖြစ်နေသလို ဆေးသုံးစွဲမှုလွန်ကဲပြီး ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်သတ်သွားတဲ့ တပ်ကြပ်တဦးရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

Read more

ရန်ကုန်သွားတဲ့ ရခိုင်လူငယ်ဆယ့်သုံးဦးကို ပွဲစားကငွေယူပြီးရောင်းစား

​Border News Agency အမ်း၊ ဖေဖော်ဝါရီ ၅။ အာရက္ခဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲနေချိန်မှာ ရန်ကုန်သို့ဆေးကုသဖို့နဲ့ ကျောင်းတက်ဖို့သွားရောက်ကြတဲ့ ရခိုင်လူငယ်ဆယ့်သုံးဦးကို ပွဲစားကစစ်ကော်မရှင်တပ်နဲ့ပူးပေါင်းပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့ပါတယ်။ အဲဒီအာရက္ခတပ်တော် (AA) ဆီ အလင်းဝင်လာတဲ့ စကခ ၁၇၊ ခမရ ၅၇၄ မှ တပ်သားနိုင်ခန့်ကျော်ရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ရခိုင်မှရန်ကုန်သို့ခိုးထွက်ခဲ့ကြတဲ့ အမျိုးသားကိုးဦးနဲ့ အမျိုးသမီးလေးဦး၊ စုစုပေါင်းလူငယ်ဆယ့်သုံးဦးဟာ ပွဲစားရဲ့လိမ်လည်မှုကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီလူငယ်တဦးကို ငွေကျပ်ဆယ့်ခုနှစ်သိန်းစီပေးခဲ့ရပြီး ပွဲစားဖြစ်သူကလမ်းခရီးမှာ ဘာမှမဖြစ်စေရဘူးလို့အာမခံခဲ့သလို ရန်ကုန်သွားမယ့်ဂိတ်တွေမှာပြသဖို့အတွက်ဆိုကာ လူငယ်တွေရဲ့ဓာတ်ပုံတွေကို တဦးချင်းစီရိုက်ယူခဲ့တယ်လို့ ဆိုပါတယ်။ ​ဒါပေမယ့် အဲဒီလူငယ်တွေဟာ မင်္ဂလာဦးရွာကနေ ဆီရွာကိုရောက်ရှိချိန်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာကို ခံခဲ့ရပြီး ကန်ဘားမြို့ရှိစစ်ကော်မရှင်ရဲ့ စုဆောင်းရေးစခန်းသို့ အတင်းအဓမ္မအပို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ​အဲဒီဖမ်းဆီးခံရသူတွေထဲက အမျိုးသားငါးဦးကို စစ်မှုထမ်းဥပဒေနဲ့ညီညွတ်တယ်ဆိုပြီး သီးသန့်ဖယ်ထုတ်ကာ စုဆောင်းရေးစခန်းမှာ တလကြာပိတ်လှောင်ထားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစခန်းမှာ လူငယ်တွေရဲ့ဖုန်းတွေနဲ့ ငွေကြေးတွေကိုပါသိမ်းဆည်းခဲ့ပြီး ထွက်ပြေးရင်သတ်ပစ်မယ်လို့ခြိမ်းခြောက်ကာ  လေဝင်ပေါက်တောင်မရှိတဲ့ အချုပ်ခန်းပုံစံအခန်းတွေမှာ ထားထားခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒီအထူးသဖြင့် တပ်သားနိုင်ခန့်ကျော်ဟာ ကျောက်ကပ်ဝေဒနာရှင်ဖြစ်ပြီး ဆေးစစ်မှုမအောင်ပေမယ့် စစ်ကော်မရှင် အရာရှိတွေက ဆရာဝန်တွေကိုလာဘ်ပေးကာ ဆေးအောင်ကြောင်း လက်မှတ်အတုပြုလုပ်ပြီး စစ်သင်တန်းသို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတပ်သားနိုင်ခန့်ကျော်ဟာ လက်ရှိမှာရှေ့တန်းစစ်မျက်နှာသို့ အပို့ခံရစဉ်အတွင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အာရက္ခတပ်တော်ဆီသို့ အလံဖြူထောင်အလင်းဝင်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Read more

အဓမ္မစစ်မှုထမ်းခိုင်းမှုကြောင့် လူငယ်တွေအလုံးအရင်းထွက်ခွာနေရတယ်လို့ ဦးကျော်မိုးထွန်းပြော

​မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးတာ၊ လုပ်ခလစာမတိုးတာနဲ့အထူးသဖြင့် လူငယ်တွေကို ပစ်မှတ်ထားတဲ့အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းမှုတွေကြောင့် လူငယ်တွေ ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကဆိုပါတယ်။ ​အဲဒါဟာမြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမှုလျှော့ချရေး အလားအလာတွေကို စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၃ ရက်နေ့က နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂ (UNDP) အစည်းအဝေးမှာထောက်ပြခဲ့တာပါ။ ​အဲဲဒါကြောင့် လက်ရှိမြန်မာလူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုသတ်မှတ်ချက်အောက်ရောက်နေပြီး လူလတ်တန်းစားတွေလည်းပျောက်ကွယ်လုနီးပါး ဖြစ်နေသလို မြို့ပြဆင်းရဲမှုဟာလည်း သိသိသာသာ မြင့်တက်လာတယ်လို့ဆိုပါတယ်။ ​အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေသလို ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့ တရားစီရင်ရေးစနစ်ကိုလည်း ဖြိုချဖျက်ဆီးထားတယ်လို့ ဆိုပါတယ်။ အဲဒီအပြင်တရားဥပဒေစိုးမိုးရေး ပြိုလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ မလုံခြုံမှုတွေက ပြည်သူတွေအကြား စိုးရိမ်ကြောက်ရွံ့မှုတွေကို ပိုမိုကျယ်ပြန့်စေခဲ့တယ်လို့ဆိုပါတယ်။ ​မြန်မာနိုင်ငံကလူငယ်တွေဟာ စစ်အာဏာသိမ်းငါးနှစ်တာအတွင်းမှာ သူတို့ရဲ့အနာဂတ်နဲ့ နှစ်ပေါင်းများစွာကို အကျိုးမဲ့ ဆုံးရှုံးခဲ့ရပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။

Read more

​မြိုင်မြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးဒဏ်ရာရ

​မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းရှိ မြောက်ဆည်ကျေးရွာကို ဖေဖော်ဝါရီလ ၄ ရက်၊ညနေ ၅ နာရီ ၄၆ မိနစ်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးဒဏ်ရာရသွားတယ်လို့အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့က ထုတ်ပြန်ပါတယ်။  အဲဒီ မြောက်ဆည်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့သလို စက်လက်နက်တွေနဲ့လည်းနှစ်ကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတဦးဒဏ်ရာရသွားခဲ့သလို  တောင်သူတွေမွေးမြူထားတဲ့ ဆိတ်နဲ့ နွားတွေလည်းသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ​မြိုင်မြို့နယ်အတွင်း မြေပြင်စစ်ကြောင်းထိုးနိုင်တာမရှိတာမို့ မြောက်ပိုင်း၊အနောက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေကိုအဓိကအားထား လေကြောင်းတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ​အဲဒီမြိုင်မြို့နယ် တောင်ပိုင်းနဲ့အရှေ့ပိုင်းကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ ၃ ရက်နေ့ကတည်းကနေ ဒီနေ့ထိမြေပြင်စစ်ကြောင်းတွေထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရင်ကတိုက်ခိုက်ခံခဲ့ရတဲ့ နေရာဟောင်းတွေကိုပါထပ်ပြီးပစ်မှတ်ထားနေတာကြောင့် မြိုင်မြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကိုအထူးသတိထားကြဖို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့ကအသိပေးထားပါတယ်။

Read more

ARSA ထိပ်တန်းတပ်မှူး ဇာဟိဒ်ဟူဆိန်းကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကဖမ်းဆီး

​ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင် ကုတုပါလောင်ဒုက္ခသည်စခန်းမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးဇာဟိဒ်ဟူဆိန်းလာလူကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖေဖော်ဝါရီလ ၄ ရက်၊မနေ့​ကဖမ်းဆီးလိုက်ပါတယ်။ အဲဒီ​အသက်လေးဆယ်အရွယ်ရှိပြီဖြစ်တဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးဇာဟိဒ်ဟူဆိန်းလာလူကို ဒုက္ခသည်စခန်းအမှတ် ၁ မှာ ဝင်ရောက်စီးခဲ့တာလို့ ဘင်္ဂလားဒေ့ရှ့်သတင်းဌာနတွေမှာဖော်ပြပါတယ်။ သူ့ကို ဖမ်းဆီးစဉ်အတွင်း နိုင်ငံခြားဖြစ် ပစ္စတိုတစ်လက်နဲ့ကျည်ဆန်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ARSA ထိပ်သီးခေါင်းဆောင် အဘူအမ္မာဂျူနူနီရဲ့ အနီးကပ်လူယုံတော်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခဒေသတွင်းမှာအကြမ်းဖက်မှုတွေ ကျူးလွန်ရာမှာ အဓိကတာဝန်ရှိသူတဦး ဖြစ်ပါတယ်။ ​အဲဒီအကြမ်းဖက်သမားဟာ ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်အတွင်းက မူဆလင်ခေါင်းဆောင် မာစတာမူဟီဘူလာကို သတ်ဖြတ်မှု၊ကျောင်းဆရာနဲ့ ကျောင်းသားတွေကို သတ်ဖြတ်ခဲ့တဲ့ မက်ဒရဆာကျောင်းအကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေသူလို့ ဆိုပါတယ်။ အဲဒီ ARSA တပ်မှူးကို အုခီယာရဲစခန်းဆီ လွှဲပြောင်းထားပြီး ဥပဒေအရ အရေးယူနိုင်ဖို့ ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Read more
Page 33 of 143 1 32 33 34 143

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here