Border News Agency
ထိုင်း၊ ဇန်နဝါရီ ၂၂။
ထိုင်းနိုင်ငံမှာ မြန်မာနဲ့ထိုင်းနိုင်ငံသားအကြား ပဋိပက္ခဖြစ်ပွားမှုဟာ ဇန်နဝါရီလအတွင်းမှာ ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
အဲဒါကြောင့် ထိုင်းရောက်မြန်မာတွေအနေနဲ့ စည်းကမ်းရှိရှိနဲ့သတိထားနေထိုင်ကြဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက သတိပေးလိုက်ပါတယ်။
အဲဒီ ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်မှာ ဇန်နဝါရီ လ၁၀ ရက်နေ့က မြန်မာတဦးမောင်းနှင်တဲ့ကားနဲ့ ထိုင်း Delivery သမားတဦးတို့ ဆိုင်ကယ်တိုက်မိမလို ဖြစ်ခဲ့ရာကနေ အပြန်အလှန်ရိုက်နှက်မှုတွေ ရှိခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် ဆိုင်ရှင်ကမြန်မာလုပ်သား ခြောက်ဦးကိုအလုပ်ထုတ်ခဲ့ရပါတယ်။
အဲဒီအပြင် စတွန်ပြည်နယ်မှာလည်း ဇန်နဝါရီလ ၁၃ ရက်နေ့က မူးယစ်ဆေးဝါးသုံးစွဲထားတဲ့မြန်မာတဦးက လမ်းဘေးရှိ မော်တော်ဆိုင်ကယ် အစီးနှစ်ဆယ်ကျော်ကို ရိုက်နှက်ဖျက်ဆီးခဲ့ပါတယ်။
အဲဒီနေ့မှာပဲ ချွန်ဘူရီမှာလည်း မြန်မာရွှေ့ပြောင်းလုပ်သားအချင်းချင်း အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားလို့ နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
နောက်ပြီး အယုဒ္ဓယမြို့မှာလည်း ဇန်နဝါရီ လ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ ယာဉ်တိုက်မှုဖြစ်စဉ်မှာ မြန်မာတဦးက မတောင်းပန်ဘဲ မောင်းပြေးရာကနေ စတင်ခဲ့ပါတယ်။
အဲဒီကနေ ထိုင်းလူထုက စုဝေးကန့်ကွက်မှုတွေပြုလုပ်ခဲ့ပြီး မြန်မာလူငယ်တချို့ အုပ်စုဖွဲ့ ထိုးကြိတ်ခံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
အဲဒီအပြင် မဲဆောက်မြို့မှာလည်း ဇန်နဝါရီလ ၂၀ ရက်နေ့က တရားမဝင်လက်နက် အရောင်းအဝယ်လုပ်နေတဲ့ မြန်မာတဦးက စစ်ဆေးဖို့လာတဲ့ထိုင်းရဲကို သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ရဲဝန်ထမ်းဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီလိုပြဿနာတွေကြောင့် အထောက်အထားမရှိသူတွေကို ထိုင်းအစိုးရကအရှိန်အဟုန်မြှင့် ဖမ်းဆီးနှိမ်နင်းသွားဖို့ ရှိနေပါတယ်။
အဲဒီအပြင် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီလ ၁၅ ရက်မှာ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ဈေးရောင်းတာ၊ ယာဉ်မောင်းတာအပါအဝင် အလုပ်အကိုင်နှစ်ဆယ့်ခုနှစ်မျိုးကို တားမြစ်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒါကြောင့် ဥပဒေကန့်သတ်ချက်တွေကို ကျော်လွန်လုပ်ကိုင်တာမျိုးမပြုလုပ်ကြဖို့ အဝေးရောက်ဧရာဝတီအသင်း (OIA) က ထောက်ပြထားပါတယ်။
မြန်မာလူမျိုးတွေအပေါ် နိုင်ငံရေးအရ သွေးထိုးလှုံ့ဆော်မှုတွေရှိလာနိုင်လို့ သတိထားဆင်ခြင်ကြဖို့ AAC မဟာမိတ်အဖွဲ့ကလည်း တိုက်တွန်းထားပါတယ်။
အဲဒါကြောင့်လက်ရှိမှာ အယုဒ္ဓယ၊ မဲဆောက်နဲ့ ဘန်ကောက်က မြန်မာဆိုင်တချို့ယာယီပိတ်သိမ်းထားရပြီး မြန်မာတွေလည်း စိုးရိမ်ထိတ်လန့်နေကြရပါတယ်။






