Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၂၇ ။
စစ်ကော်မရှင်တပ်နဲ့ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဝါဒဖြန့်စာမျက်နှာတွေနဲ့ အကောင့်ပေါင်းနှစ်ရာ့ခုနှစ်ဆယ်ခုကို Facebook ရဲ့ မိခင်ကုမ္ပဏီ Meta က ဖယ်ရှားလိုက်ပါတယ်။
အဲဒီစစ်တပ်ပိုင် မိုင်တဲလ် (Mytel)၊ MECtel၊ အင်းဝဘဏ်နဲ့ မြဝတီဘဏ်လိုလုပ်ငန်းတွေအပြင် မြန်မာဘီယာ၊ ဒဂုန်ဘီယာနဲ့ ဆင်မင်းဘိလပ်မြေလို စစ်တပ်စီးပွားရေး ဦးပိုင် (MEHL) နဲ့ MEC ရဲ့ လက်အောက်ခံကုမ္ပဏီခွဲတွေ အများအပြာကိုဖယ်ရှားခဲ့တာပါ။
အဲဒီအပြင် ‘a Light for Justice 3’ နဲ့ ‘Myanmar Information Community’ လိုမျိုး စစ်တပ်ဝါဒဖြန့်ချိရေးအကောင့်တွေကိုလည်း Meta က ပိတ်ပစ်ခဲ့တာပါ။
အဲဒီအကောင့်တွေဟာ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်အတွက် ငွေကြေးနဲ့ ဝါဒဖြန့်မှုပိုင်းမှာ အထောက်အပံ့ပေးနေတာကြောင့် Justice For Myanmar (JFM) ရဲ့ တိုင်ကြားချက်အရ အရေးယူခံရတာ ဖြစ်ပါတယ်။
JFM အဖွဲ့ကတော့ Facebook လိုပဲ Alphabet၊ Apple၊ TikTok နဲ့ Telegram တွေအနေနဲ့လည်း စစ်တပ်စီးပွားရေးနဲ့ ဝါဒဖြန့်အကောင့်တွေကို ချက်ချင်းပိတ်ပင်ဖို့ ဆက်လက်တောင်းဆိုထားပါတယ်။






