Border News Agency
ပုလော၊ ဇန်နဝါရီ ၂၈။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းက စစ်ကော်မရှင်တပ်စစ်ကြောင်းနဲ့ ဂိတ်စခန်းတွေကိုမိုင်း၊ ဒရုန်းတွေနဲ့တိုက်ခိုက်လို့ အရာရှိနှစ်ဦးအပါအဝင် စုစုပေါင်းသုံးဦးသေဆုံးခဲ့တယ်လို့ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့ (Special Forces) ကထုတ်ပြန်ပါတယ်။
အဲဒီပုလောမြို့နယ်၊ တောင်ယာကမ်းရွာဘက်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ အင်အားသုံးဆယ်ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းဟာလှည်းကျွန်းဝရွာမှာ KNLA ရဲ့ မိုင်းနင်းမိပြီး အရာရှိနှစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမိုင်းပေါက်ကွဲပြီးနောက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့သလိုဒရုန်းနဲ့ပါ ဗုံးတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ကျောက်စုဂိတ်၊ ပုလောမြို့အမှတ် ၅ ဂိတ်နဲ့ နန်းတောင်ရွာ စခန်းကုန်းတွေကို ဒီဇင်ဘာလ ၁၈ ရက်ကနေ ၂၂ ရက်နေ့အထိ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
နောက်ပြီး ပုလောမြို့ အမှတ် ၄ဝန်ထမ်းအိမ်ရာ၊ ကျောက်စုဂိတ်၊ နန်းတောင်ဂိတ်၊ ပုလောအမှတ် ၇ဂိတ်နဲ့ တောင်ယာကမ်းရွာဂိတ်တွေကို ဒီဇင်ဘာလ ၂၃ ရက်ကနေ ၂၈ ရက်နေ့အထိဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
KNLA အထူးတပ်ဖွဲ့အနေနဲ့ တော်လှန်ရေးအောင်မြင်ဖို့အတွက် စစ်ကော်မရှင်ကိုအခွင့်အရေးရရင်ရသလို အမြဲတမ်းတိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း စစ်တပ်တပ်စွဲထားတဲ့နေရာတွေနားမှာ မနေထိုင်ကြဖို့ အသိပေးထားပါတယ်။






