Border News Agency
အီရန်၊ ဧပြီ ၁၈။
အမေရိကန်ဘက်က သဘောတူညီထားတဲ့အတိုင်း တာဝန်ဝတ္တရားတွေကို အကောင်အထည်မဖော်တာကြောင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ပိတ်လိုက်ပြီလို့ အီရန်အစိုးရပိုင်မီဒီယာတွေက ဧပြီလ ၁၈ ရက်၊ဒီနေ့မှာထုတ်ပြန်ပါတယ်။
အီရန်စစ်တပ်ရဲ့ ပြောကြားချက်အရ အမေရိကန်အနေနဲ့ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတာတွေကို အရင်ဆုံး ရုပ်သိမ်းပေးရမှာဖြစ်ပြီး အဲဒီလို ရုပ်သိမ်းပေးမှသာ ရေလက်ကြားကို ပြန်ဖွင့်ပေးမယ်လို့ ဆိုပါတယ်။
အရင်က လက်ဘနွန်အပစ်ရပ်ချိန်မှာ ကုန်သွယ်ရေးသင်္ဘောတွေ ဖြတ်သန်းနိုင်ဖို့ ယာယီပြန်ဖွင့်ပေးခဲ့ပေမယ့် အမေရိကန်ဘက်က ရေကြောင်းပိတ်ဆို့မှုတွေကို ဆက်လုပ်နေတာကြောင့် အခုလို ပြန်ပိတ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။
ဒီရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အဓိကကျတဲ့ လမ်းကြောင်းဖြစ်တာကြောင့် အခုလို ပြန်ပိတ်လိုက်တာဟာ ကမ္ဘာ့လောင်စာဆီစျေးနှုန်းနဲ့ ကုန်သွယ်ရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
လက်ရှိမှာတော့ နှစ်ဖက်တင်းမာမှုတွေ ပြန်မြင့်တက်လာနေပြီး အမေရိကန်သမ္မတ ထရမ့်ဘက်ကတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။






