Border News Agency
နေပြည်တော်၊ ဧပြီ ၁၈။
ရုရှားနိုင်ငံကနေမြန်မာနိုင်ငံကို ရေနံစိမ်းနဲ့ ရေနံထွက်ပစ္စည်းတွေ ရေရှည်ထောက်ပံ့ပေးနိုင်ဖို့အပါအဝင် လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ ရုရှားနိုင်ငံ Investment Development Fund “RC Investments” တို့အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (MoC) ကို ဧပြီလ ၁၇ ရက်၊မနေ့ကလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဦးကိုကိုလွင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံကနေ သဘာဝဓာတ်ငွေ့ရည် (LNG)၊ရေနံဓာတ်ငွေ့ရည် (LPG)၊ဓာတ်မြေဩဇာနဲ့ ရေနံစိမ်းကုန်ကြမ်းတွေကို တင်သွင်းနိုင်ဖို့အတွက် ရုရှားစွမ်းအင်ဝန်ကြီးဌာနရဲ့စီမံပေးမှုနဲ့ ရုရှားအခြေစိုက် ကုမ္ပဏီတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ လောင်စာဆီတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ရရှိနိုင်ရေး၊ အရည်အသွေး စိတ်ချရရေးနဲ့ လမ်းခရီးလုံခြုံမှုရှိစေရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသလို ရေရှည်ထောက်ပံ့ပို့ဆောင်နိုင်မယ့် အစီအမံတွေကိုလည်း နှစ်ဖက်ညှိနှိုင်း ချမှတ်ခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံကို ရေနံစိမ်းနဲ့ ရေနံထွက်ပစ္စည်းတွေကို ရေရှည်အစီအမံနဲ့ ထောက်ပံ့ပေးနိုင်ဖို့အပါအဝင် စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို ဝန်ကြီးရှေ့မှောက်မှာတင် လက်မှတ်ရေးထိုးခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံကြား လျှပ်စစ်နဲ့ စွမ်းအင်နယ်ပယ် တရပ်လုံးမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့နဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် လေ့ကျင့်သင်ကြားပေးမှုတွေ လုပ်ဆောင်သွားဖို့ နားလည်မှုစာချွန်လွှာ (MoU)ကိုလည်း မကြာခင်မှာထပ်ပြီးလက်မှတ်ရေးထိုးသွားမယ်လို့ ဆိုပါတယ်။






